မသန်စွမ်းသူများ အဆင့်သတ်မှတ် မှတ်ပုံတင်ခြင်းကို မြို့နယ် ၁၉ ခုတွင်ပြီးစီး

0
232

မသန်စွမ်းသူများအတွက် မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းကို စီမံကိန်းမြို့နယ် ၁၉ ခုတွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၄) မှ တစ်ဆင့် သိရခြင်းဖြစ်သည်။

ယင်းအစည်းအဝေးကို ယမန်နေ့ စက်တင်ဘာ ၆ ရက်က နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

သက်ဆိုင်ရာကော်မတီ အစည်းအဝေးများ ပုံမှန် ခေါ်ယူကျင်းပရေး၊လုပ်ဆောင်ချက်များကို အမျိုးသားကော်မတီသို့ စုစည်းတင်ပြကာ သဘာဝဘေး ခံစားရသည့် မသန်စွမ်းသူများအား ကူညီထောက်ပံ့ ပေးနိုင်ရေး ပြင်ဆင်ထားမည်ဟုသိရသည်။

တတိယအကြိမ် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည် အစီရင်ခံစာကို မကြာမီဖြန့်ဝေသွားမည်ဖြစ်ပြီး စတုတ္ထအကြိမ် ထုတ်ဝေနိုင်ရေး အတွက်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကာ မသန်စွမ်းသူများအရေးကို ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ လုပ်ဆောင်မည်ဟု သိရသည်။

အထက်ပါ အစည်းအဝေးကို မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီဒုတိယ ဥက္ကဋ္ဌ(၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကော်မတီဒုတိယဥက္ကဋ္ဌ(၂)၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်နှင့် မသန်စွမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်လူမှုရေးရာ ဝန်ကြီးများက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here