သံလွင်မြစ်ပေါ်ရှိ နောင်ဖာရေကာတာစီမံကိန်း တည်ဆောက်ရန် UWSA က လမ်းဖွင့်ပေးနေဟု SSFIM ထုတ်ပြန်

0
130

တရုတ်နိုင်ငံ၏ ရေရှည်စီမံကိန်းတစ်ခုဖြစ်သော သံလွင်မြစ်ပေါ်တည်‌ဆောက်မည့် နောင်ဖာရေကာတာစီမံကိန်းကိုတည်ဆောက်ရန် UWSA က လမ်းဖွင့်ပေးနေဟု ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံရေးစောင့်ကြည့်ရေးအဖွဲ့ ( SSFIM )၏ စက်တင်ဘာ (၅) ရက် ထုတ်ပြန်ချက်အရ သိရသည်။

UWSA အနေဖြင့် မကြာသေးမီက တန့်ယန်းမြို့မြောက်ပိုင်းကို ဝင်ရောက်နေရာယူလိုက်ခြင်းသည် အဆိုပါ သံလွင်မြစ်အတွင်း တရုတ်နိုင်ငံက ဆောက်လုပ်မည့် ဆည်တည်ဆောက်ရေးစီမံကိန်းများအတွက် လမ်းကြောင်းဖွင့်ပေးလိုက်ခြင်းဟု ဆိုထားသည်။

သံလွင်မြစ်ပေါ်ရှိရေကာတာများအနက် ရှမ်းပြည်နယ်အတွင်း အကြီးဆုံးတစ်ခုဖြစ်သည့် ထို နောင်ဖာစီမံကိန်းသည် (၁၂၀၀) မဂ္ဂါဝပ်ရှိပြီး သံလွင်မြစ်၏ မြစ်လက်တက် နမ့်မမြစ်ပေါ်တွင် တည်ဆောက်‌နေသည့် မန်တုံစီမံကိန်းသည် (၂၂၅)မဂ္ဂါဝပ်ရှိသည်ဟု သိရသည်။

ထိုစီမံကိန်း ၂ ခုလုံးကို B.O.T စနစ်ဖြင့် တည်ဆောက်ရန် စီစဉ်ထားပြီး ထွက်ရှိလာမည့်စွမ်းအင်၏ အနည်းဆုံး (၅၀)ရာခိုင်နှုန်းကို တရုတ်နိုင်ငံကိုတင်ပို့ရန်လျာထားကြောင်း ဆိုထားသည်။

UWSA သည် ၄င်းတို့ထိန်းချုပ်ရာဒေသရှိ မန်တုံရေကာတာစီမံကိန်းကို တိတ်တဆိတ် တည်ဆောက်ခွင့်ပြုနေပြီး ဂြိုလ်တုမြေပုံများ၏ ပြသချက်အရ နမ့်မ မြစ်ကမ်းနှစ်ဘက်လုံးတွင်ရေကာတာဖောင်ဒေးရှင်းတည်ဆောက်ရန်စီစဥ်ထားသည်ကို တွေ့ရသည်ဟု ဆိုထားသည်။

ယခုအခါ UWSA မှ တန့်ယန်းမြို့ မြောက်ဘက်ခြမ်းတွင် နေရာယူထားသည့်အတွက် သံလွင်မြစ်ပေါ်မှ နောင်ဖာရေကာတာစီမံကိန်းမှာ မကြာခင်တွင်အမှန်တကယ်ဖြစ်လာနိုင်ခြင်းကြောင့် ဒေသခံများ၏ စိုးရိမ်စိတ်မြင့်တက်လာကြောင်း SSFIM ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခု ၂၀၂၄ ခုနှစ် သြဂုတ်လ ဒုတိယပတ်ကလည်း UWSA ၏ ပို့ဆောင်မှုဖြင့် တရုတ်စီးပွားရေးလုပ်ငန်းရှင် (၁၂) ဦးသည် နောင်ဖာရေကာတာစီမံကိန်းနေရာသို့ သွားရောက်လေ့လာခဲ့ကြသည်ဟုလည်း ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here