လပွတ္တာထွက် ငါးသလောက်များ ဈေးကောင်းရနေ

0
76

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ငါးသလောက်များ ရန်ကုန်ဈေးကွက်မှ အဝယ်လိုက်နေပြီး ဈေးကောင်းရနေကြောင်း လပွတ္တာမြို့နယ် ရေထွက် ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များ၏ပြောပြချက်အရ သိရသည်။

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း ငါးသလောက် ပိဿချိန် ၈၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပြီး၊ ဇူလိုင်လအတွင်း ငါးသလောက် ပိဿချိန် ၆၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့သည့်အတွက် ပိဿာချိန် ၁၇၀၀၀ ပိုမိုတင်ပို့ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။

” ရန်ကုန်ဈေးကွက်က ဝယ်ယူမှုများတယ်။ ငါးသလောက်ကလည်း စားသုံးသူများတယ်လေ။ ပေါ်ခါစဆိုရင် သူကဈေးတော့ကောင်းတယ်။ ဈေးလည်းရတယ်။ အဓိကရန်ကုန်ကိုပဲတင်ပို့နေတယ်”ဟု ရေထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

လပွတ္တာမြို့နယ်မှ တင်ပို့ရောင်းချခဲ့သည့် ငါးသလောက်အသေးတစ်ပိဿာလျှင် ငွေကျပ် ၂၀၅၀၀၊ အလတ် တစ်ပိဿာလျှင် ငွေကျပ် ၃၅၅၀၀ မှ ၄၅၅၀၀ ၊ အကြီးတစ်ပိဿာလျှင် ငွေကျပ် ၆၅၀၀၀ မှ ၁၁၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။

အဆိုပါ ငါးသလောက်ငါးမျိုးသည် ဆယ်လမွန်ငါးကဲ့သို့ ပင်လယ်တွင်နေထိုင်ပြီး သားပေါက်ရန်အတွက် ရေချိုဒေသသို့ ပြန်လာသည့် ငါးမျိုးစိတ်ဖြစ်သည်။

မိုးနှောင်းရာသီ စက်တင်ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလများတွင် ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ဥများဖြင့် ပြည့်ဝနေသော ငါးသလောက်ကြီးများသည် ဥချသားပေါက်ရန်အတွက် ဧရာဝတီမြစ်လက်တက်အတွင်းရှိ ရေချိုရေငန်စပ်နှင့် ရေချိုမြစ်ချောင်းများအတွင်းသို့ ပြန်လည်ဝင်ရောက်လာတတ်ကြောင်း သိရသည်။

ငါးသလောက်သည် ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၁ နိုင်ငံတွင်သာတွေ့ရှိရပြီး အဓိက ဖမ်းဆီးရသည်မှာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံ သုံးနိုင်ငံတွင်သာ အများဆုံးဖမ်းဆီးရမိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငါးသလောက်သားပေါက်သည့်နေရာ ၁၁ ခုအား တစ်နှစ်ပတ်လုံး ငါးဖမ်းဆီးခြင်းမပြုရန်၊ ဘေးမဲ့ဧရိယာအဖြစ်သတ်မှတ်ရန်၊ ဥဆောင် ငါးသလောက်များ ရွှေ့ပြောင်းသွားလာရာ လမ်းကြောင်းအား ရာသီအလိုက်ပိတ်ပင်ရန်အတွက် တိုးမြစ်ကြောင်း၊ ဘိုကလေးမြစ်ကြောင်း၊ ပြန်မလော့မြစ်ကြောင်းနှင့် ရွေးမြစ်ကြောင်းတို့အား ရာသီအလိုက် ငါးဖမ်းဆီးခြင်းမပြုလုပ်ရန် သတ်မှတ်ထားသည်။

တိုးမြစ်ကြောင်း၊ ဘိုကလေး-ရာဇူတိုင်မြစ်-ဧရာဝတီမြစ်ကြောင်း၊ ရွေးမြစ်ကြောင်းနှင့် ပြန်မလော့ မြစ်ကြောင်း လေးခုကို ငါးသလောက်ငါးမျိုး ထိန်းသိမ်းရေးဧရိယာ အဖြစ် သတ်မှတ်ပြီး ငါးသလောက်များ ဥချသားပေါက်ရန် ရေချိုသို့ တက်ရောက်လာသည့် နှစ်စဉ်စက်တင်ဘာလ ၁၅ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့အထိ ငါးသလောက်ဖမ်းဆီးခြင်း မပြုရန် ပိတ်ပင်တားမြစ်ထားကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here