မုန်တိုင်းငယ် အရှိန်ကြောင့် နောက်(၂)ရက်အတွင်း မြန်မာတစ်ပြည်လုံးတွင် မိုးပိုလာဦးမည်

0
163

ဗီယက်နမ်နိုင်ငံ၊ မိုင်ဟစ်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ကုန်းတွင်းမုန်တိုင်းငယ် အရှိန်ကြောင့် နောက်(၂)ရက်အတွင်း မြန်မာတစ်ပြည်လုံးတွင် မိုးပိုလာဦးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ စက်တင်ဘာ(၈) ရက် ထုတ်ပြန်ချက်အရ သိရသည်။

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်(Depression)မှာ အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ကြောင်းထုတ်ပြန်သည်။

၎င်းမုန်တိုင်းငယ်မှာ မြန်မာနိုင်ငံ၊ စစ်တွေမြို့(Sittwe)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၆၅ မိုင်ခန့်၊ သံတွဲမြို့ (Thandwe)၏ အနောက်ဘက် ရေမိုင် ၄၃၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ကာလင်ဂါပတ္တနမ်မြို့ (Kalingapatnam)၏ အရှေ့ဘက် ရေမိုင် ၁၅၀ မိုင်ခန့်၊ ဂိုလ်ပါပူမြို့(Gopalpur)၏ အရှေ့-အရှေ့တောင် ဘက် ရေမိုင် ၁၁၅ မိုင်ခန့်၊ ပါရာဒစ်ရှ် မြို့(Paradip)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၁၁၅ မိုင်ခန့်၊ ဒီဂါမြို့(Digha)၏ တောင်ဘက် ရေမိုင် ၂၀၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေသည်။

ထူးခြားသည့် အခြေအနေမှာ ယနေ့မြန်မာစံတော်ချိန် (၃)နာရီခွဲအချိန် တိုင်းထွာချက်များအရ ဗီယက်နမ်နိုင်ငံ၊ မိုင်ဟစ်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ကုန်းတွင်းမုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်မည်ဟု ခန့်မှန်းရသည်။

ထို့ကြောင့် မနက်ဖြန်နံနက်အထိ ကယားပြည်နယ်တွင် နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။

နောက်(၂)ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာမည်ဖြစ်သည်။

နေပြည်တော်နှင့် ရန်ကုန် အနီးတစ်ဝိုက် မနက်ဖြန်နံနက်အထိ မိုးအသင့်အတင့် ထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကာ မန္တလေးမြို့နှင့်အနီးတစ်ဝိုက် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း မိုး/ဇလမှ ထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here