NCA (၉)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် NSPNC ၊ 7 EAO Alliance နှင့် နိုင်ငံရေးပါတီများ ထပ်မံ တွေ့ဆုံနိုင်ဖွယ်ရှိ

0
66

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA)၏ (၉)နှစ်မြောက် နှစ်ပတ်လည်နေ့၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၇)ဖွဲ့(7 EAO Alliance)နှင့် နိုင်ငံရေးပါတီ အစုအဖွဲ့အလုပ်အဖွဲ့ခေါင်းဆောင်များ ထပ်မံတွေ့ဆုံနိုင်ဖွယ်ရှိကြောင်း ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် ကပြောသည်။

၂၀၁၅ ခုနှစ် အောက်တိုဘာ (၁၅)ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည့် NCA စာချုပ်သည် ယခုနှစ် ၂၀၂၄ ခုနှစ် အောက်တိုဘာ (၁၅) ရက်နေ့တွင် (၉)နှစ်ပြည့်မြောက်မည်ဖြစ်သည်။

“အဲ့ဒီနေ့မှာ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေရောက်ကြမှာပေါ့။ ဘယ်လောက်ကြီးကြီးမားမားကျင်းပမှာလည်းဆိုတာ မပြောတတ်ဘူး။ အဲ့ဒီ အခမ်းအနားမှာ ဘာတွေများ နိုင်ငံရေးမျှော်လင့်ချက် ရှိအောင်လုပ်ကြမှာလည်းဆိုတာမပြောတတ်ဘူး။ NSPNC နဲ့ နစက ဘက်ကသွားမယ့် လမ်းကြောင်းနဲ့ဆိုင်နိုင်ပါတယ်။”ဟု ဒေါက်တာအေးမောင်က ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ (၂၃) ရက်က၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါအချက်(၂၃)ချက် ပြင်ဆင်အတည်ပြုရေးအတွက်နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနတွင် NSPNC ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်အဖွဲ့များနှင့် နိုင်ငံရေးပါတီ အစုအဖွဲ့ခေါင်းဆောင်များ သုံးပွင့်ဆိုင်တွေ့ဆုံခဲ့ကြ‌သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးမှုအကူအညီပေးအပ်နိုင်ရေးကိစ္စရပ်တို့ကို ဆွေးနွေးခဲ့ကြကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

“ပြီးခဲ့တဲ့တစ်ခေါက်ကပြောခဲ့သလိုပဲ ဖွဲ့စည်းပုံအခြေခံဥပဒေပါအချက်(၂၃) ချက်ကို ဆွေးနွေးခဲ့တယ်။ အသေးစိတ်ပုဒ်မတစ်ခုချင်းစီ ဘာတွေသဘောတူတယ်ဆိုတာ ကျွန်တော်တို့ ပြောလို့မရဘူး”ဟု ‌၎င်း ကဆိုသည်။

အဆိုပါ တွေ့ဆုံပွဲတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ဦးခွန်ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မှ ဗဟိုဆက်ဆံရေးဌာနမှူး စောကျော်သန်းဌေး၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စောမောင်မောင်၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)မှ ဒုတိယဥက္ကဋ္ဌ ကျာဖူး၊ မွန်ပြည်သစ်ပါတီ (NMSP)မှ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်နိုင်အောင်မငေး၊ ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၁) ခွန်မင်းသိန်းနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here