အောင်လံမြို့ရှိ အဝေးပြေးယာဉ်ရပ်နားစခန်းအပိုင်း(၁)ကို ယခုလကုန်တွင် အပြီးတည်ဆောက်မည်

0
142

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့တွင် တည်ဆောက်လျက်ရှိသည့် အဝေးပြေးယာဉ်ရပ်နားစခန်း၏အပိုင်း(၁) ကို ယခုလကုန်တွင် အပြီးတည်ဆောက်မည်ဖြစ်ကြောင်း အောင်လံမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

အဆိုပါ အဝေးပြေးယာဉ်ရပ်နားစခန်းကို အောင်လံမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အပိုင်း ၃ ပိုင်း ခွဲ၍ တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ယင်း ယာဉ်ရပ်နားစခန်းအတွင်း Express အဝေးပြေးကားကြီးဂိတ် ၁၆ ခန်း၊ ကားလေးဂိတ် ၁၀ ခန်း၊ ကုန်တင်ကားဂိတ် ၅ ခန်း၊ ဈေးဆိုင်ခန်း ၅၆ ခန်း၊ စားသောက်ဆိုင်ခန်း ၁၈ ခန်းနှင့် ပွဲရုံနေရာ ၂၁ ခန်း၊ စုစုပေါင်း ၁၂၆ ခန်း ပါဝင်ပြီး ကနဦးအနေဖြင့် စီမံကိန်းအပိုင်း ၁ တွင် စုစုပေါင်းအခန်း ၃၆ ခန်းကို တည်ဆောက်‌နေကြောင်းသိရသည်။

အဆိုပါ အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ရေးစီမံကိန်း အပိုင်း (၁) ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်မှစတင်ပြီး မြေဧရိယာ ၁၀.၀၄ ဧကပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ကျပ် ၁.၇ ဘီလီယံကုန်ကျကြောင်း၊ ထို့အပြင် ကျန်ရှိသည့် စီမံကိန်းအပိုင်း ၂ နှင့် အပိုင်း ၃ တို့ကိုလည်း လာမည့် သုံးနှစ်အတွင်း အပြီးတည်ဆောက်နိုင်ရန် မျှော်မှန်းထားကြောင်းသိရသည်။

အောင်လံမြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုနှင့် ယာဉ်အန္တရာယ်ဖြစ်ပွားမှုများ လျှော့ချနိုင်စေရန်၊ အဝေးပြေးယာဉ်ကြီး၊ ယာဉ်များ စနစ်တကျ ဝင်ထွက်သွားလာနိုင်စေရန်၊ ကူးသန်းရောင်းဝယ်မှုနှင့်ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်စေရန်၊ ဒေသခံပြည်သူများအတွက် စီးပွားရေးအခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်တည်ဆောက်နေခြင်းဖြစ်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here