ဘင်္ဂလားဒေ့ရှ်ရေဘေးဒုက္ခသည်များအတွက် စင်္ကာပူကကန်ဒေါ်လာ ၁၀၀,၀၀၀ ထောက်ပံ့မည်

0
132
An aerial view shows partially submerged houses after flood in Feni on August 24, 2024. - Nearly 300,000 Bangladeshis were taking refuge in emergency shelters on August 24, from floods that inundated vast areas of the low-lying South Asian country, disaster officials said. The floods were triggered by heavy monsoon rains and have killed at least 42 people in Bangladesh and India since the start of the week, many in landslides. (Photo by Munir UZ ZAMAN / AFP)

စင်္ကာပူ၊စက်တင်ဘာ ၈

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏အရှေ့ဘက်ခြမ်းဒေသများ၌ ရေကြီးရေလျှံမှုများ အကြီးအကျယ်ဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ဆောင်ရန်အတွက် စင်္ကာပူကြက်ခြေနီအဖွဲ့ (SRC) က ကန်ဒေါ်လာ ၁၀၀,၀၀၀ (စင်္ကာပူဒေါ်လာ ၁၃၀,၄၀၀) လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။

ယခုလှူဒါန်းမှုသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကယ်ဆယ်ရေးလုပ်ငန်းများအတွက် ကြိုးပမ်းအားထုတ်မှုများနှင့် ရေဘေးထိခိုက်ခံစားရသည့် လူမှုအသိုင်းအဝိုင်းအတွက် လတ်တလောလိုအပ်ချက်များအတွက် ပံ့ပိုးပေးနိုင်လိမ့်မည်ဟုလည်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

ဒေါ်လာတစ်သိန်းလုံးမထောက်ပံ့ခင် အဆိုပါဒေသရှိ အရေးပေါ်ကယ်ဆယ်ရေးလိုအပ်ချက်များအတွက်လည်း စင်္ကာပူကြက်ခြေနီအဖွဲ့က ကြာသပတေးနေ့တွင် ဒေါ်လာ ၅၀,၀၀၀ ထောက်ပံ့မည့်အကြောင်းကတိပြုပြောကြားခဲ့သည်။

“ဆိုးရွားတဲ့ရေဘေးကြောင့် အသက်ဆုံးရှုံးခဲ့ရပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ရေဘေးဒုက္ခသည်တွေအတွက် တကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ်” ဟုလည်း စင်္ကာပူကြက်ခြေနီအသင်း အတွင်းရေးမှူးချုပ် မစ္စတာဘင်ဂျမန်ဝီလျံကပြောကြားခဲ့သည်။

စင်္ကာပူကြက်ခြေနီအသင်းအနေဖြင့် ဘင်္ဂလားဒေ့ရှ်ကယ်ဆယ်ရေးအဖွဲ့များနှင့် လက်တွဲဆောင်ရွက်ကာ ကူညီပေးနိုင်ရန်ဆောင်ရွက်နေကြောင်းလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဩဂုတ်လနှောင်းပိုင်းကစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ လူပေါင်း ၅ ဒသမ ၈ သန်းကျော်အားထိခိုက်စေခဲ့ကြောင်းသိရသည်။

အဆိုပါသဘာဝဘေးအန္တရာယ်ကြောင့်ပင် လူပေါင်း ၅၀၂,၅၀၁ ဦးထက်မနည်း ဘေးလွတ်ရာသို့ရွှေ့ပြောင်းခိုလှုံခဲ့ရပြီး ယခုအခါ ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ရေကျသွားသော်လည်း ရေကြီးခြင်းနောက်ဆက်တွဲ၏ ရေကြောင့်ဖြစ်ပွားသည့်ကူးစက်ရောဂါများပြန့်ပွားလာနိုင်ခြေများကို သတိထားကိုင်တွယ်ဆောင်ရွက်နေကာ သန့်ရှင်းသောသောက်သုံးရေများရရှိရေးအတွက် ဆောင်ရွက်ပေးနေကြောင်းသိရသည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here