အားကောင်းသော မုန်တိုင်းငယ်ကြောင့် ရန်ကုန်အပါအဝင် ဒေသတချို့ မိုးများနိုင်

0
201

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်အရှိန်ကြောင့် ရန်ကုန်အပါအဝင် တိုင်းဒေသတချို့မှာ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ စက်တင်ဘာ၉ရက် မနက်က ထုတ်ပြန်သည်။

ထိုမုန်တိုင်းငယ်အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည် ဖြစ်ကြောင်း မိုး/ဇလက ဖော်ပြသည်။

ထို့အပြင် မိုးသည်းထန်ခြင်း၊ လေပြင်းတိုက်ခြင်း၊ ရုတ်တရက် ရေကြီးခြင်း နှင့် မြေပြိုခြင်းများလည်း ဖြစ်နိုင်သောကြောင့် ကုန်းမြင့်နှင့်မြစ်ငယ်၊ ချောင်းငယ်အနီး နေထိုင်သူများအနေဖြင့် ရေကသတိပြုကြရန် လိုအပ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထိုနည်းတူ မုန်တိုင်းငယ်အရှိန်ကြောင့် ယနေ့မှစတင်ကာစက်တင်ဘာ ၁၂ ရက်နေ့အထိ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တချို့နေရာများ၌ ဒေသအလိုက် နေရာကွက်ပြီး မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းများ ဖြစ်လာနိုင်ကြောင်း မိုး/ဇလက ဆိုသည်။

ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များတွင် ယနေ့ညနေအထိ မိုးအသင့်အတင့် ထစ်ချုန်းရွာမည်ဖြစ်ကာ  ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်းလည်း မိုး/ဇလက ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here