ဖားကန့်ဒေသ ဆိုင်းတောင်တိုက်ပွဲကြောင့် ဒေသခံပြည်သူများ အလံဖြူထောင်၍ တိမ်းရှောင်နေရ

0
136

ကချင်ပြည်နယ်၊ ဖားကန့်ဒေသ၊ ဆိုင်းတောင်ကျေးရွာတွင် စက်တင်ဘာ (၇)ရက်နေ့မှ စတင်၍ တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ စက်တင်ဘာ(၈)ရက်နေ့တွင် တိုက်ပွဲရှိန်ပိုမိုမြင့်တက်လာခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

ထို့ကြောင့် ယမန်နေ့ စက်တင်ဘာ (၈) ရက် မွန်းလွဲပိုင်းအချိန်၌ ဆိုင်းတောင်ဒေသခံပြည်သူများ အလံဖြူထောင်ကာ ကျေးရွာကိုစွန့်၍ တိမ်းရှောင်မှုများရှိလာပြီး ညပိုင်းအထိ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ဒေသခံများ ‌ထိခိုက်‌‌ေ-သဆုံးမှုအနည်းငယ်ရှိကြောင်း ဆိုသည်။

“ဖားကန့်ဒေသထဲက အဓိက တံတားနှစ်စင်းလုံးကိုလည်း သွားလာခွင့်ပိတ်ထားပါတယ်။ သံတံတားဆို မနေ့က သွားလာလို့ ရသေးတယ်။ ဒီနေ့ သွားလာခွင့် ပိတ်ထားပါတယ်။ ဖားပြင် မမုံ စက်လှေ ဂိတ်တွေကိုလည်း ပိတ်ထားပါတယ်။ ဆိုင်းတောင် အနောက်ဘက်ခြမ်းက လူတွေကတော့ ဝှေခါဘက်နဲ့ တာမခံဘက်ကို ထွက်လို့ရပါတယ်”ဟု ဒေသခံတစ်ဦးက ဆိုသည်။

ထိုသို့တိုက်ပွဲဖြစ်ပွားရခြင်းမှာ စက်တင်ဘာလ (၇) ရက်နေ့ နံနက်အ‌စောပိုင်း(၁)နာရီဝန်းကျင်အချိန်တွင် တပ်မတော်ဘက်မှ ဆိုင်းတောင်ရွာအတွင်းသို့ စစ်ကြောင်း (၃) ကြောင်းခွဲ၍ Luky Man Hotel နှင့် KTV အတွင်းရှိနေသည့် KIA၊ KPDF များကို ဝင်ရောက်စီးနင်းရာမှတစ်ဆင့် အပြန်လှန်ပစ်ခတ်မှုစတင်ခဲ့ပြီး တိုက်ပွဲရှိန်မြင့်တက်လာခြင်း‌ဖြစ်ကြောင်း ဒေသတွင်း မီဒီယာအချို့၏ ဖော်ပြချက်အရ သိရသည်။

လက်ရှိ ဆိုင်းတောင်တိုက်ပွဲအခြေအနေအသေးစိတ်အား ဒေသခံတစ်ဦးထံ ပေါ်ပြူလာနယူးစ်က ဆက်သွယ်မေးမြန်းရာတွင် “ချနေကြတုန်း”ဟုသာ ပြောဆိုနိုင်ပြီး အဆက်အသွယ်ပြတ်တောက်သွားခဲ့သဖြင့် ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here