တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန်များ၏ အရှေ့လေပွေလှိုင်းအခြေနေကြောင့် (၃၆) နာရီအတွင်း ရှမ်းပြည်နယ် ဒေသတော်တော်များများတွင် မိုးသည်းထန်စွာရွာသွန်းနိုင်

0
62

တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန်များ၏ အရှေ့လေပွေလှိုင်း (Low Pressure Cell) အခြေနေကြောင့် လာမည့် (၃၆) နာရီအတွင်း ရှမ်းပြည်နယ် ဒေသတော်တော်များများတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း မိုးလေဝသလေ့လာစောင့်ကြည့်သူ ဆရာ ဝင်းနိုင်က လူမှုကွန်ယက်စာမျက်နှာတွင် မျှဝေရေးထားသည်။

ထိုင်းမိုးလေဝသဌာန(TMD)မှ နံနက် ၁၀ နာရီနှင့် ၁ နာရီအချိန် ထုတ်ပြန်သည့် မိုးလေဝသ chart များတွင် တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန်များက အရှေ့လေပွေလှိုင်း(Low Pressure Cell)အနေဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ စတင်ထိတွေ့ဝင်ရောက်နေပြီဖြစ်ကြောင်း ၎င်းက ရေးသားထားသည်။

မိုးသည်းထန်စွာရွာသွန်းမှုများအနေဖြင့် ပြင်ဦးလွင်၊ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်စသည့် ဒေသများတွင် အလွန့်အလွန်သည်းထန်စွာ ရွာသွန်းပါမည်ဖြစ်ပြီး တောင်ကျရေများထိုးဆင်းလာနိုင်သဖြင့် မန္တလေးတိုင်းဒေသကြီးထဲက ဆက်စပ်ဒေသများအတွက် အန္တရာယ်ရှိနိုင်ခြင်းကြောင့် ဖုန်းအဆက်အသွယ်မရကြသည့် သူများထံ သတင်းပေးပို့သင့်ကြောင်း ၎င်းကဆိုသည်။

ရှမ်းပြည်နယ် အရှေ့ဖျား မိုင်းယု၊ မိုင်းယောင်း၊ မိုင်းဖြတ်၊ တာလေ၊ ကျိုင်းလပ်ဒေသများမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရွာသွန်းချိန် ကြာရှည်နိုင်ခြင်းကြောင့် ထူးကဲ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နိုင်ပြီး ရှမ်းတောင်နှင့် မိတ္ထီလာလွင်ပြင် အစပ်ဒေသများတွင်လည်း နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း ၎င်းက ရေးသားထားသည်။

အခြားတစ်ဘက်တွင်လည်း ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းငယ်ကလည်း အားကောင်းလာနေသောကြောင့် ထူးခြားမိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်များမှာ ယနေ့ စက်တင်ဘာ (၉) ရက်မှ စက်တင် (၁၂) ရက် အတွင်းဖြစ်ပေါ်လာရန်ရှိကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် မိုးနှောင်းကာလကုန်ဆုံးသည့် အောက်တိုဘာ (၁၀) ရက်အထိ ယင်းအခြေအနေများ ဆက်လက်ဖြစ်ပေါ်နေနိုင်ပြီး မုတ်သုံလေပုံမှတ်ဆုတ်ခွာချိန် အောက်တိုဘာ (၁၅) ရက် ဝန်းကျင်အချိန်အထိ မိုးကြီး/လေကြီး ဖြစ်နိုင်ချေများ ဆက်ရှိနေဦးမည်ဟု ၎င်းက မျှဝေရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here