လားရှိုးမြို့ လေကြောင်းတိုက်ခိုက်မှု ၂ ရက်ဆက်တိုက်ရှိလာ

0
187

အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့် MNDAA အဖွဲ့ရှိရာ လားရှိုးမြို့တွင်း နေရာများသို့ တပ်မတော်က လေကြောင်းမှတစ်ဆင့်ဗုံးကြဲမှုသည် ၂ ရက်ဆက်တိုက်ရှိလာပြီဖြစ်ကာ မြို့နေပြည်သူများ ထပ်မံတိမ်းရှောင်မှုများရှိလာ‌ကြောင်း ဒေသခံ သတင်းရင်းမြစ်တစ်ဦးထံက သိရသည်။

ယနေ့ စက်တင်ဘာ (၉)ရက် နံနက် (၁၀) နာရီ(၂၅)မိနစ်နှင့် (၁၀)နာရီ (၃၀)မိနစ်အချိန်တို့တွင် အကြမ်းဖက်အဖွဲ့များ အထိုင်ချနေနိုင်သည့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ဗျူဟာလမ်းအောက်ဘက်သို့ ဗုံးများကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်ကာ နံနက်(၁၁)နာရီဝန်းကျင်အထိ တပ်မတော်လေကြောင်းက ကင်းထောက်ပျံဝဲနေမှုများကိုလည်းတွေ့ရကြောင်း သိရသည်။

ထိုဖြစ်စဉ်ကြောင့် လူထိခိုက်မှုများရှိနိုင်ပြီး၊ မြို့နေပြည်သူများ မြို့ကိုစွန့်ခွာတိမ်းရှောင်မှုများရှိလာသလို၊ မြို့အတွင်းရှိ ဗုံးဒဏ်ခံနိုင်လောက်သည့် အဆောက်အဦများထံတွင် ညပိုင်း စုအိပ်ခြင်းမျိုးများလည်းရှိ‌နေကြောင်း ဆိုသည်။

“လေကြောင်းက ညဘက်ကြောက်ရတာလားရှိုးမှာ ညဆိုရင်နီးစပ်ရာအဆောက်အအုံကြီး အောက်ဆုံးထပ်တွေမှာ ခိုလှုံအိပ်ပေးပါ”ဟု လားရှိုးမြို့ မြေပြင်ကူညီဆောင်ရွက်ပေးနေသည့် FYV Volunteers အဖွဲ့က နှိုးဆော်ထားသည်ကို တွေ့ရသည်။

“မြို့ကနေထွက်လို့ရနေသေးတဲ့အချိန်မှာ ပြန်ထွက်ဖို့ မိသားစုကိုပြောထားတယ်။ ဗုံးကြဲတာက နောက်ပိုင်း ဆက်ဖြစ်လာနိုင်တယ်လေ။ အခု လားရှိုး- သီပေါ- ကျောက်မဲ လမ်းတကြောက တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာ‌နေပြီ။ သတင်းတွေမှာ ရှမ်းတောင်ဘင်ကလည်း တပ်က စစ်ကြောင်းထိုးလာနေပြီလို့သိထားရတော့ အမြန်ပြန်ထွက်လာဖို့လုပ်နေကြပြီ”ဟု ကျောက်မဲမြို့နေ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

စက်တင်ဘာ (၈)ရက် နံနက်ပိုင်းမှစတင်ခဲ့သည့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လားရှိုးမြို့အတွင်း လူသွားလူလာနည်းပါးကာ ခြောက်ကပ်တိတ်ဆိတ်လာနေကြောင်း သိရသည်။

မြန်မာ့တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မဖြစ်မနေကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး အကြမ်းဖက်အဖွဲ့များ၏ သတင်းရရှိမှုအခြေအနေအရပ်ရပ်ပေါ်မူတည်၍ လိုအပ်သလို တုံ့ပြန်မှုပြုလုပ်သွားမည့်အတွက် ၎င်းတို့အဓမ္မဝင်ရောက်နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏ အသုံးချမှုမခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေး သတိပြုကြရန် နစကဥက္ကဋ္ဌက စက်တင်ဘာ (၃)ရက်နေ့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် အသိပေးပြောကြားခဲ့သေးသည်။

ဓာတ်ပုံ- FYV


LEAVE A REPLY

Please enter your comment!
Please enter your name here