ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းကလေးများ၏ သင်ကြားရေးစင်တာများ ပိတ်သိမ်းခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်နိုင်သည်ဟု ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင် အသိပေးထုတ်ပြန်

0
155

ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းကလေးများ၏ သင်ကြားရေးစင်တာများ ပိတ်သိမ်းခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်နိုင်သည်ဟု ယမန်နေ့ စက်တင်ဘာ (၈)ရက်တွင် ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် က အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်သည် ယခုလ စက်တင်ဘာ(၄)ရက်တွင် ဘန်ကွန်းမြို့နယ်၊ ဆူရတ်ဌာနီခရိုင်အတွင်းရှိ ရွှေ့ပြောင်းကလေးများ၏ မေတ္တာရိပ်သင်ကြားရေးစင်တာအား ဆူရတ်ထာနီခရိုင်ပညာရေးဌာနမှ ပိတ်သိမ်းလိုက်ခြင်းအပေါ် ရည်ညွှန်းထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

ကော်မရှင်၏အသိပေးထုတ်ပြန်ချက်တွင် ဆူရတ်ဌာနီခရိုင်ရှိ ရွှေ့ပြောင်းအလုပ်သမားများအား ပညာသင်ကြားပေးနေသော ယာယီပညာရေးဆိုင်ရာ အဖွဲ့အစည်းများအား ပိတ်လိုက်ခြင်းသည်ကလေးငယ်များအတွက် ပညာသင်ကြားရေးအခွင့်အလမ်းကို ပိတ်ပင်ခြင်းဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်နိုင်ကြောင်း ထောက်ပြထားသည်။

ယင်းသို့ ပိတ်ပင်ခြင်းသည် ထိုင်းနိုင်ငံမှ လက်မှတ်ရေးထိုးထားသော ကမ္ဘာ့ကုလသမဂ္ဂကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (CRC) ၏ အခြေခံလူ့အခွင့်အရေးဖြစ်သည့် ကလေးငယ်များ ဘေးကင်းရေး၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အနာဂတ်တိုးတက်မှုအတွက် အခွင့်အလမ်းများအပေါ် သက်ရောက်မှုရှိသည်ဟု ဆိုထားသည်။

ယင်း သင်ကြားရေးစင်တာများပိတ်သိမ်းခြင်းသည် ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံတကာဝတ္တရားများနှင့် အာမခံချက်များကို ချိုးဖောက်ရာရောက်စေနိုင်ပြီး ထိုင်းနိုင်ငံ အစိုးရနှင့် ပညာရေးဌာနများအနေနှင့် ယင်း ကလေးများကိုစဉ်ဆက်မပြတ် ပညာသင်ကြားခွင့်ရရှိစေရန်စီမံဆောင်ရွက်သင့်ကြောင်း တောင်းဆိုထားသည်။

ထို့ကြောင့် ကော်မရှင်မှ အမျိုးသားပညာရေးဌာနကို သင်ကြားရေးစင်တာများ ပိတ်သိမ်းခြင်းအပေါ် ပြန်လည်သုံးသပ်သင့်ကြောင်းနှင့် ရွှေ့ပြောင်းကလေးများအတွက် ပညာသင်ကြားခွင့်ကို ရရှိစေရန် လိုက်နာဆောင်ရွက်ရမည့် အချက်များကို အကောင်အထည်ဖော်သင့်ကြောင်း ထပ်ဆင့် တိုက်တွန်းထားသည်။

လက်ရှိတွင် ထိုင်းတစ်နိုင်ငံလုံးအတိုင်းအတာအရ ရွှေ့ပြောင်းကလေးငယ် (၁၈,၀၀၀) ခန့်သည် ကျောင်းပေါင်း (၆၃)ကျောင်းတွင်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင် (NHRC)ဖြင့်လည်း ယခုဖြစ်ပွားခဲ့သည့် ပြဿနာကိုဖြေရှင်းရန်ထိုင်းပညာရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေသည်ဟု ဆိုထားသည်။

NHRC ၏ အဆိုပါ ထုတ်ပြန်ချက်အပေါ် ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)၏ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ကြိုဆိုထောက်ခံကြောင်းနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကိုယ်စား အထူးကျေးဇူးတင်ရှိကြောင်း ဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here