EV Charging Station များကို တစ်နိုင်ငံလုံးအနေဖြင့် (၃၁) နေရာကို Pilot Project အနေဖြင့် အကောင်အထည်ဖော်နေ

0
98

လျှပ်စစ်သုံးယာဉ်များအတွက် EV Charging Station တစ်နိုင်ငံလုံးအနေဖြင့် စုစုပေါင်း (၃၁) နေရာကို Pilot Project အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ညွှန်ကြားမှုဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များနှင့် ရန်ကုန် – မန္တလေးအမြန်လမ်းမကြီးပေါ်တွင် မြေနေရာများကို ရွေးချယ်သတ်မှတ်လျာထားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် နေပြည်တော်တွင် (၆) နေရာ၊ ရန်ကုန်တွင် (၈) နေရာ၊ မန္တလေးတွင် (၈) နေရာနှင့် ရန်ကုန် – မန္တလေးအမြန်လမ်းမကြီးတွင် (၉) နေရာ စုစုပေါင်း (၃၁) နေရာကို Pilot Project အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

EV Charging Station အခု (၂၀)မြောက်ကို မန္တလေးမြို့၊ (၃၅)လမ်းနှင့် ကမ်းနားလမ်းထောင့်(ဂေါဝါန်ဆိပ်)နေရာတွင် Yar Zar Min Industry co.,ltd မှ တည်ဆောက်ပြီးစီးခဲ့သဖြင့် စက်တင်ဘာ (၈)ရက်က ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ရာ လျှပ်စစ်သုံးယာဉ်များပြေးဆွဲ၊ အသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

မန္တလေးမြို့တွင် ယခုလို(EV Charging Station)များ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် မန္တလေးမြို့နှင့်အနီးတစ်ဝိုက်ရှိ မြို့များတွင်လည်း လျှပ်စစ်ကားများ အသုံးပြုသွားလာနိုင်တော့မည်ဟု ဒု-ဝန်ကြီးက ပြောကြားခဲ့သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၂၈၄) ရှိ ယာဉ်ရပ်နားစခန်းအတွင်း ရာဇာမင်းကုမ္ပဏီမှ တည်ဆောက်လျက်ရှိသည့် EV Charging Station ကိုလည်း ဒုတိယဝန်ကြီးက လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သိရသည်။

ယခုအခါ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့ကြီးများရှိ (EV Charging Station)များတွင် ကားလေး (၁၀) စီး တစ်ပြိုင်နက် အားသွင်းနိုင်ပြီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးရှိ (EV Charging Station) များတွင် ကားလေး (၁၀) စီးနှင့် ဘတ်စ်ကား (၄)စီး တစ်ပြိုင်နက် အားသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here