RCSS/SSA က ရေဘေးသင့် မိုးနဲဒေသစိုက်ခင်းများ ပြန်လည်ကုစားစိုက်ပျိုးနိုင်ရန် ပဲပုပ်စေ့ ပိဿာ(၃,၀၀၀)ကူညီထောက်ပံ့

0
55

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်(RCSS/SSA) က ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲဒေသအတွင်း မိုးများ၍ ရေလွှမ်းမှုကြောင့် ပျက်ဆီးခဲ့ရသည့် စိုက်ခင်းများအတွက် ပြန်လည်ကုစားစိုက်ပျိုးနိုင်ရန် ပဲပုပ်စေ့ပိဿာ(၃,၀၀၀)ကူညီထောက်ပံ့ခဲ့ကြောင်း သိရသည်။

RCSS/SSA က ယမန်နေ့စက်တင်ဘာ (၈)ရက်၌ မိုးနဲမြို့၊ ကန်တုံကျေးရွာသို့သွားရောက်ကာ ကူညီထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး မိုးနဲဒေသအတွင်း ယခုလ စက်တင်ဘာလ (၄)ရက်အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လယ်ယာစိုက်ခင်းများ ရေကြီးနှစ်မြုပ်ကာ ဆုံးရှုံးမှုများပြားခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် သြဂုတ်လ(၂၉)ရက်က ကျိုင်းတောင်းမြို့ ရေဘေးသင့်ပြည်သူများထံနှင့် သြဂုတ်လ(၃၀)ရက်က လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ် အတွင်းရှိ ရေကြီးနစ်မြုပ်ခဲ့သည့် ဒေသခံပြည်သူများကိုလည်း စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်(RCSS/SSA)သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှုစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားပြီး လက်ရှိအချိန်တွင်လည်း နိုင်ငံတော်နှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ဓာတ်ပုံ- Tai Shan


LEAVE A REPLY

Please enter your comment!
Please enter your name here