ဒေသတွင်းမငြိမ်သက်မှုများကြောင့် ပြည်တွင်းခရီးသွားလုပ်ငန်း ထိခိုက်နိုင်

0
42

မကြာခင်ပွင့်လင်းရာသီသို့ ရောက်ရှိတော့မည်ဖြစ်သော်လည်း ဒေသတွင်းမငြိမ်သက်မှုများကြောင့် ပြည်တွင်းခရီးသွားလုပ်ငန်း ထိခိုက်နိုင်ကြောင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်များ၏ ပြောပြချက်အရ သိရသည်။

ပြည်တွင်းရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိနေသည့်အတွက် ပြည်ပခရီးသွားဧည့်သည်များအတွက် စိတ်မလုံခြုံမှုကို ဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။

” ပြည်ပခရီးသွားတွေက ပြည်တွင်းရဲ့အခြေအနေကိုကြည့်ပြီးမှ လာကြတာ။ အခုလက်ရှိတိုက်ပွဲတွေက နေရာအနှံ့ဖြစ်နေတာဆိုတော့ အဆင်မပြေဘူး။ အထူးသဖြင့် ခရီးသွားတွေအများဆုံးသွားလည်တဲ့နေရာတွေမှာတောင် မအေးချမ်းချင်ဘူး။ ပြည်တွင်းကတော့ စောင့်ကြည့်ရအုံးမှာဖြစ်ပေမယ့် ပြည်ပခရီးသွားဝင်ရောက်မှုကိုတော့ ထိခိုက်နိုင်တယ်” ဟု ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

ပြည်တွင်း၌ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားဝင်ရောက်မှုသည် အိမ်နီးချင်း နိုင်ငံများထက် (၁၀) ဆခန့် လျော့နည်းနေကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် တစ်နှစ်တာလုံး‌အနေဖြင့် ပြည်ပခရီးသွားဧည့်သည် (၁ ဒသမ ၂၈ သန်း) ဝင်ရောက်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ဝင်ရောက်ခဲ့သည့် ပြည်ပခရီးသွားဧည့်သည်အရေအတွက်မှာ ၂ သိန်း ၃သောင်းကျော်ရှိကြောင်း သိရသည်။

ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း လုံးဝရပ်တန့်ခဲ့ရပြီး၊ တကျော့ပြန်ဦးမော့နိုင်ရန် ခရီးသွားလုပ်ငန်းရှင်များအနေဖြင့် ပြန်လည်ကြိုးပမ်းနေချိန်တွင် နိုင်ငံတွင်း ပဋိပက္ခများကြောင့် ခရီးသွားလာခွင့်ယခင်လို ပုံမှန်ပြန်လည်ပတ်နိုင်ရန် ခက်ခဲနေခြင်းဖြစ်ကြောင်း သိရသည်။

ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် လာမည့်ပွင့်လင်းရာသီအတွက် ပြည်တွင်းခရီးသွားတွေကိုသာ အဓိကအားထားရမည့် အခြေအနေသာရှိကြောင်း သိရသည်။

ပြည်တွင်းခရီးသွားကလည်း စက်သုံးဆီရရှိမှုအခက်ခဲရှိပါက ကိုယ်ပိုင်ကားဖြင့်သွားလာမှုကို အတော်စဥ်းစားကြရမည့်အခြေအနေဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here