တရားမဝင် ဟွန်ဒီလုပ်ကိုင်သူများကို သက်ဆိုင်ရာနိုင်ငံတွေရှိ ဗဟိုဘဏ်များဖြင့်ပူးပေါင်းဖော်ထုတ်အရေးယူနေဟု ဗဟိုဘဏ်ပြော

0
161

မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ တိုးတက်မှုအစီရင်ခံစာနှင့်ပတ်သက်၍ အာရှ – ပစိဖိတ် ပူးတွဲအဖွဲ့ (Asia Pacific Joint Group-APJG) မျက်နှာချင်းဆိုင်အစည်းအဝေးနှင့် ကြိုတင်အစည်းအဝေးများကို စက်တင်ဘာ ၃ ရက် မှ ၅ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ကျင်းပခဲ့သည်။

ယင်းအစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မျက်နှာချင်းဆိုင် အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ တိုးတက်မှုအစီရင်ခံစာနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံက အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျန်ရှိနေသည့်အစီအမံများအပေါ် APJG မှ အကဲဖြတ်သူများ၏ အကြံပြုချက်များနှင့်အညီ မြန်မာနိုင်ငံ၏ အကောင်အထည်ဖော် လိုက်နာဆောင်ရွက်ချက်များကို အကဲဖြတ်သူများအားလုံးက ခြုံငုံချိတ်ဆက် သိရှိစေရန်အတွက် လက်ငင်းရလဒ် တစ်ခုချင်းအလိုက် ရှင်းလင်းတင်ပြဆွေးနွေးခဲ့သည်။

ထို့ပြင် APJG မှ အကဲဖြတ်သူများက မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာတိုးတက်မှုအစီရင်ခံစာပါ လက်ငင်းရလဒ်တစ်ခုချင်းအလိုက် ထပ်မံရှင်းလင်းသိရှိလိုသည့်အချက်များ မေးမြန်းခဲ့ခြင်းအပေါ် မြန်မာကိုယ်စားလှယ်များက ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်များကို အသေးစိတ်ရှင်းလင်းဖြေကြားခဲ့သည်။

ဆွေးနွေးချက်များတွင် မြန်မာနိုင်ငံအနေဖြင့် ဆုံးရှုံးနိုင်ခြေမြင့်မားသော မှုခင်းများနှင့်ဆက်နွှယ်သည့် ငွေကြေးခဝါချမှုဆုံးရှုံးနိုင်ခြေများကို သိရှိနားလည်ပြီး ဖြေရှင်းရန်နည်းလမ်းများ ဖော်ထုတ်လျက်ရှိသည့် အခြေအနေ၊ တရားမဝင်ငွေလွှဲလုပ်ငန်းဆောင်ရွက်နေသည့် ဟွန်ဒီများ လျော့နည်းပပျောက်စေရေးအတွက် တရားဝင်လုပ်ငန်းလိုင်စင်များရယူလုပ်ကိုင်စေရန် တွန်းအားပေးဆောင်ရွက်ချက်များနှင့် လိုင်စင်မရှိဘဲတရားမဝင်ဆောင်ရွက်နေသူများကို တရားဥပဒေ စိုးမိုးရေးအဖွဲ့များနှင့် သက်ဆိုင်ရာနိုင်ငံများရှိ ဗဟိုဘဏ်များဖြင့်ပူးပေါင်း၍ ဖော်ထုတ်အရေးယူ ဆောင်ရွက်ချက်များ၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့က ငွေကြေးခဝါချမှုများနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို နိုင်ငံတကာနှင့်ပူးပေါင်း၍ ရယူဆောင်ရွက်ချက်များ၊ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများက စစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိသည့် မှုခင်းဖြစ်စဉ်များတွင် ငွေကြေးဆိုင်ရာစုံစမ်းစစ်ဆေးခြင်းလုပ်ငန်းများကို အပြိုင်ဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ သတင်းပို့အဖွဲ့အစည်းများကပေးပို့လာသည့် သံသယဖြစ်ဖွယ်သတင်း ပို့ချက်များကိုစိစစ်ပြီး ဆက်လက်အရေးယူ ဆောင်ရွက်ချက်များ၊ ဖမ်းဆီးရမိသည့် ပစ္စည်းများ စီမံခန့်ခွဲသည့် နည်းလမ်းများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ထို့အပြင် လူအများ အပြား‌ေ-သကျေစေသည့် လက်နက်များပြန့်ပွားစေရန် ငွေကြေးထောက်ပံ့မှုအပေါ် ဘဏ္ဍာရေးအရ ပစ်မှတ်ထားအရေးယူမှုဆိုင်ရာ ထိရောက်စွာ အကောင်အထည်ဖော်မှုများနှင့်ပတ်သက်၍ အကဲဖြတ်သူများ၏ အကြံပြုချက်နှင့်အညီ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ၏ ပုဒ်မ ၆ (ဃ) နှင့် ၅၃ တို့အား ၂၀၂၄ ခုနှစ် စက်တင်ဘာလအကုန်တွင် ပြင်ဆင်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ၏ ဆောင်ရွက်မှုများအပေါ် အဆင့်သတ်မှတ်ချက်များတိုးမြှင့်ပေးရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here