ပြည်ပရောက်အလုပ်သမားများ၏လွှဲပို့ငွေ အထောက်အထား မပြနိုင်သည့် အေဂျင်စီ ၅၀ ကို ထပ်မံ သတိပေး

0
144

ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေ အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ ၅၀ ကို ထပ်မံသတိပေးကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်သည်။

ထိုအေဂျင်စီများအနေဖြင့် သြဂုတ်လအတွက် စေလွှတ်သည့်အလုပ်သမားစာရင်း လချုပ်ကို ပေးပို့ခြင်းမရှိသေးသည့်အတွက် ပေးပို့ရန်ပျက်ကွက်ပါက စေလွှတ်ခွင့် ဆိုင်းငံ့မည့်အပြင် ဒဏ်ကြေးပါပေးဆောင်ရမည် ဖြစ်သောကြောင့် သတိပေးထုတ်ပြန်ခြင်း ဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် မိသားစုလွှဲပို့ငွေစာရင်း စစ်ဆေးခံရန် ပျက်ကွက်သည့် အေဂျင်စီ ၈ ခု ၊ အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် အေဂျင်စီ ၇၁ ခုနှင့် သတ်မှတ်ရာခိုင်နှုန်း ပြည့်မီစွာ အထောက်အထား မတင်ပြနိုင်သည့် အေဂျင်စီ ၆၇ ခု စုစုပေါင်း အေဂျင်စီ ၁၄၆ ခုကို အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

အေဂျင်စီမှ စေလွှတ်ခဲ့သည့် အလုပ်သမားများအနေဖြင့် လုပ်ခလစာ၏ အနည်းဆုံး ၂၅% အား တစ်လလျှင်တစ်ကြိမ် (သို့) ၃ လလျှင် ၁ ကြိမ် တရားဝင်ငွေလွှဲလမ်းကြောင်းမှ လွှဲပြောင်းခြင်းမရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ဩဂုတ် ၂၈ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်ဟုလည်း သိရသည်။

အလားတူ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများသည် မိမိတို့စေလွှတ်ခဲ့သည့် အလုပ်သမားများ၏ ငွေလွှဲပို့ရေး လွယ်ကူ၊ မှန်ကန်၊ မြန်ဆန်စေရေး ကူညီပေးရမည့်အပြင် ငွေလွှဲအထောက်အထား မိတ္တူများရယူ၍ လစဉ်လွှဲပို့သည့် အထောက်အထားများကို လချုပ်အဖြစ် အလုပ်သမားဝန်ကြီးဌာနသို့ မပျက်မကွက် တင်ပြရမည်ဟု အသိပေးထားသည်။

အရေးယူခံရသည့် အေဂျင်စီများ အနေဖြင့် အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေစာရင်း အထောက်အထား တင်ပြနိုင်မှု ရာခိုင်နှုန်းပြည့်မီလျှင် စေလွှတ်ရေးလုပ်ငန်းစဉ်နှင့် အလုပ်ခေါ်စာ အသစ်တင်ပြခွင့်ကို ဆက်လက်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here