ဒေါ်လာဈေး ဆက်တိုက်ကျနေချိန်တွင် ဗဟိုဘဏ်က တစ်ဒေါ်လာ ၃၅၀၂ ကျပ်ဖြင့် ဒေါ်လာ ၁၀ သန်းကျော် ထုတ်ရောင်းပေး

0
102

ဈေးကွက်အတွင်း၌ ဒေါ်လာဈေး ဆက်တိုက်ကျဆင်နေပြီး ဗဟိုဘဏ်ကလည်း တစ်ဒေါ်လာ (၃၅၀၂) ကျပ်ဖြင့် ဒေါ်လာ (၁၀) သန်းကျော် ထပ်မံထုတ်ရောင်းပေးခဲ့ကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာလ (၉)ရက်က ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်ပြီး ယွမ်ငွေ (၃) သန်းကျော်နှင့် ထိုင်းဘတ် သန်း (၁၂၀) ကျော်လည်း ထုတ်‌ရောင်းပေးခဲ့ကြောင်း သိရသည်။

FX Market Online Trading Platform မှတဆင့် ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး အမေရိကန် (၁) ဒေါ်လာလျှင် (၃၅၀၂) ကျပ် နှုန်းဖြင့် စုစုပေါင်း ဒေါ်လာ (၁၀) သန်းကျော်၊ တရုတ်ငွေ (၁)ယွမ်လျှင် (၄၉၇.၃၀) ကျပ်နှုန်းဖြင့် ယွမ် (၃) သန်းကျော်နှင့် ထိုင်း (၁)ဘတ်လျှင် (၁၀၆.၅) ကျပ်နှုန်းဖြင့် ထိုင်းဘတ် ငွေ (၁၂၁) သန်းကျော်ကို ထုတ်ရောင်းပေးခဲ့ကြောင်း သိရသည်။

ဗဟိုဘဏ်အနေဖြင့် ယခုစက်တင်ဘာလ တစ်ပတ်ကျော်အတွင်း နိုင်ငံခြားငွေကို (၃)ကြိမ်တိုင်တိုင်ထုတ်ရောင်းပေးခဲ့ပြီး စက်တင်ဘာ (၄) ရက်တွင် အမေရိကန်ဒေါ်လာ (၁၂) ဒသမ (၄) သန်းနှင့် ထိုင်းဘတ် သန်း (၈၀) ၊ စက်တင်ဘာလ (၅) ရက်တွင် တစ်ဒေါ်လာ ၃၅၀၂ ကျပ်ဖြင့် ဒေါ်လာ (၉) ဒသမ (၈)သန်းကျော်၊ တရုတ်ယွမ် (၄) သန်းနှင့် ထိုင်းဘတ် (၄၅) သန်းကျော်ထုတ်ရောင်းပေးခဲ့သေးသည်။

ယနေ့ ပြင်ပဈေးကွက်တွင် ဒေါ်လာဈေးနှုန်းသည် (၁) ဒေါ်လာ (၅၀၅၀)ကျပ်အထိ ကျဆင်းလာပြီး ရွှေဈေးနှင့် အခြားကုန်ဈေးနှုန်းများလည်း လိုက်ပါကျ‌ဆင်းလာကြောင်း သိရသည်။

” ကန်စွန်းရွက် ၁၀၀၀ ကို အခု ၇၀၀ ဖြစ်သွားပြီ။ ကြက်ဥ ဘဲဥဈေးတွေလည်း နည်း‌နည်းတော့ကျလာပြီ။ အာလူးတို့ကြက်သွန်တို့ဆိုလည်း နည်းနည်းစီတော့ ကျလာပြီ။ အဓိက အခြေခံစားသောက်ကုန်တွေ ဈေးကျဖို့ပဲ။ မဟုတ်ရင် အဆင်မပြေဘူး”ဟု မြောက်ဒဂုံမြို့နယ်တွင်နေထိုင်သည့် အိမ်ရှင်မတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လတွင် ဈေးကစားသူများ၏ ဈေးဆွဲတင်မှုများကြောင့် ဒေါ်လာဈေးနှုန်းသည် စံချိန်တင်အမြင့်ဆုံးသို့ မြင့်တက်ခဲ့သလို မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခဲ့ခြင်းဖြစ်သည်။

အခြေခံကုန်ပစ္စည်း ဈေးနှုန်းများ အဆမတန် ဈေးမြင့်တက်မှုကြောင့် အခြေခံလူတန်းစားများ အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here