“ဝ” ဒေသ မိုင်း‌ပေါက်မြို့ ရေကြီး‌မှုဖြစ်စဉ်အတွင်း ပျက်စီး ဆုံးရှုံးများပြီး ကူညီကယ်ဆယ်ရေးများလုပ်ဆောင်‌နေရ

0
77

UWSA ထိန်းချုပ်ရာ “ဝ” ဒေသမိုင်း‌ပေါက်မြို့တွင် ယမန်နေ့ စက်တင်ဘာ(၉)ရက်က ရေကြီး‌ရေလျှံဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်အတွင်း ထိခိုက်ပျက်စီးဆုံးရှုံးမှုများခဲ့ကြောင်းနှင့် လက်ရှိတွင် ကူညီကယ်ဆယ်ရေးများလုပ်ဆောင်နေရကြောင်း သိရသည်။

ယမန်နေ့ မိုင်းပေါက်မြို့ရေကြီးမှုဖြစ်စဉ်အတွင်း လူနေအိမ်များ ၊ မော်တော်ယာဉ်များ ရေစီးနှင့်မျောပါမူဖြစ်ပွားခဲ့သည့် အတွက် မိုင်းပေါက်မြို့ ပြည်သူ့အစိုးရ၊ ရဲဌာနမှ ကူညီကယ်ဆယ်ရေးများလုပ်ဆောင်ပေးလျှက်ရှိ‌သည်ဟု ‌ဆိုသည်။

ရေကြီးရေလျှံ ဖြစ်စဉ်နှင့်ပတ်သက်၍ “ဝ”ဒေသ ပြည်သူ့ လုံခြုံရေးဌာနသို့ ပေါ်ပြူလာနယူးစ်က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဘာသာစကားအခက်အခဲကြောင့် အခြေအနေအသေးစိပ်ကို ဖော်ပြပေးနိုင်သည့် အခြေအနေမရှိပေ။

ယမန်နေ့ က တစ်ရက်လုံးနီးပါး မိုးသည်းထန်စွာရွာသွန်းခဲ့သော်လည်း ယနေ့စက်တင်ဘာ (၁၀)ရက်တွင် မိုးဆက်လက်ရွာသွန်းနေသော်လည်း ရေအနည်းငယ်ပြန်လည်ကျဆင်းနေကြောင်း သိရသည်။

ကုန်းတွင်းပိုင်းမုန်တိုင်း ယာဂီအကြွင်းအကျန် တိမ်တိုက်များနှင့် လေပွေလိုင်းများကြောင့် ရှမ်းပြည်နယ်အရှေ့အတွင်း စတင်ဝင်ရောက်နေပြီး ၊ စက်တင်ဘာ (၉)ရက်နှင့် (၁၀) ရက်တို့တွင် မိုးများနိုင်သည်ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူများက အသိပေးထားသည်။

အလားတူ ရှမ်းရှေ့ဒေသများဖြစ်သည့် မိုင်းယု၊ မိုင်းယောင်း၊ မိုင်းဖျက်၊ တာလေ၊ ရွှေတြိဂံဒေသ၊ မယ်ဆိုင်၊ တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယွန်း၊ မိုင်းတုန်၊ မိုင်းပန်၊ ကွန်ဟိန်း၊ မိုင်းပြင်း၊ မိုင်းခတ်၊ မိုင်းလား၊ မိုင်းယန်း၊ မိုင်းပေါက်၊ ပန်ဆန်း၊ မိုင်းရှူး အစရှိသည့်ဒေသများတွင်လည်း စက်တင်ဘာလ (၉) ရက်နှင့် (၁၀) ရက်တို့တွင် မိုးအဆက်မပြတ် ရွာသွန်းနိုင်ပြီး မိုးကြီး၊ ရေလျှံနိုင်ခြင်းကြောင့် အထူးဂရုစိုက်ကြရန် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက သတိပေးထားသည်။

ဓာတ်ပုံ-Screen grab


LEAVE A REPLY

Please enter your comment!
Please enter your name here