ရှမ်းတောင်၊ မန္တလေးနှင့် မကွေးတိုင်းတို့တွင် ရေနှင့် ပတ်သက်သည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သည့်အတွက် သတိပြုနေထိုင်ရန် လိုအပ်

0
92

တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန် အရှေ့လေပွေလှိုင်း(Low Pressure Cell)နှင့်အတူ ရွေ့လျားဝင်ရောက်လာသည့် မိုးတိမ်များကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ရေနှင့် ပတ်သက်သည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်သောကြောင့် သတိပြုနေထိုင်ကြရန် မိုးလေဝသလေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်က လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေးထားသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီး၊ ကလော၊ အောင်ပန်း ၊ ရွာငံ၊ နောင်တရား၊ ပင်းတယ၊ ဆီဆိုင်၊ ဖယ်ခုံ၊ ပင်လောင်းစသည့် မြို့နယ်များတွင် မိုးများနိုင်ကြောင်းနှင့် (၂၄) နာရီအတွင်း မိုးရေချိန် ၁၃၀ မီလီမီတာ (၅ လက်မနှင့်အထက်) ရွာသွန်းနိုင်ကြောင်း ၎င်းက ရေးသားထားသည်။

အလားတူ စက်တင်ဘာ (၁၀)ရက် ညနေနှင့် ညပိုင်းအချိန်များတွင်လည်း မန္တလေးတိုင်းဒေသကြီး ရမည်းသင်း၊ ပျော်ဘွယ်၊ မိတ္ထီလာ၊ သဲတော၊ ဝမ်းတွင်း၊ မလှိုင်၊ မြင်းခြံ၊ တောာင်သာ၊ နွားထိုးကြီး၊ မြစ်သား၊ ကျောက်ဆည် စသည့် ဒေသများတွင် မိုးများနိုင်ပြီး ဝမ်းတွင်းနှင့် သဲတောနယ်တွင် (၂၄) နာရီအတွင်း အများဆုံး မိုးရေချိန် မီလီမီတာ ၅၀၀ ကျော် (လက်မ ၂၀ ကျော်အထိရွာသွန်းနိုင်ကြောင်း) သိရသည်။

ထို့ပြင် မကွေးတိုင်းဒေသကြီး မကွေး၊ ရေနံချောင်း၊ ချောက်၊ ကံမ၊ မြိုင် စသည့် ဒေသများနှင့် မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦးဒေသတွင်လည်း ၂၄ နာရီအတွင်း မိုးရေချိန် ၁၀၀ မီလီမီတာအထက်မှ ၂၀၀ မီလီမီတာအထက်(၄ လက်မ မှ ၈ လက်မခန့်အထိ) ရွာသွန်းနိုင်ကြောင်း ၎င်းက အသိပေးရေးသားထားသည်။

ထို့ကြောင့် အထက်ဖော်ပြပါဒေသများတွင် တောင်ကျချောင်းရေ ရုတ်တရက်ကျဆင်းခြင်း၊ လျှပ်တပျက် ရေကြီး ရေလျှံမှုဖြစ်ပေါ်နိုင်ခြင်း အစရှိသည့် ရေနှင့် ပတ်သက်သောသဘာဝဘေးများဖြစ်နိုင်သောကြောင့် သတိပြုနေထိုင်ကြပါရန် ဦးဝင်းနိုင်က အသိပေးရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here