ရာဇဝတ်ဂိုဏ်းအုပ်စုများအား နိုင်ငံပေါင်းစုံပူးပေါင်းတိုက်ဖျက်ရန် ပြည်ထဲရေးဝန်ကြီး ပြော

0
57

ကာလရှည်ကြာအကြမ်းဖက်မှုများနှင့်ပဋိပက္ခများကိုဖြစ်ပေါ်စေသော ရာဇဝတ်ဂိုဏ်းအုပ်စုများအား နိုင်ငံပေါင်းစုံပူးပေါင်းတိုက်ဖျက်ရန် နစက အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးရာပြည့်ကပြောကြားခဲ့သည်။

၎င်းက စက်တင်ဘာ ၉ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ၊ လျန်ယွင်ကန်မြို့၊ ဟိုင်ကျိုး(Haizhou) Bayview Conference Center ၌ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့တက်ရောက်စဉ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် လူမှုဘဝတည်ငြိမ်ရေးနှင့် ပြည်သူတို့၏အသက်အိုးအိမ် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် တရားဥပဒေစိုးမိုးရေးနယ်ပယ်တွင် လက်တွေ့ဆန်သော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရေးကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။

အလားတူ သမားရိုးကျနှင့်သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကို အတူတကွ တိုက်ဖျက်ရေး အလေးထားဆောင်ရွက်သွားရမည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ဒု-ဗိုလ်ချုပ်ကြီးရာပြည့်သည် ဖိုရမ်အပြီး၌ တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန၊ ဝန်ကြီး မစ္စတာဝမ်ရှောင်ဟုန်နှင့်တွေ့ဆုံကာ မြန်မာ-တရုတ် နှစ်နိုင်ငံကြား ရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန ထူထောင်မှုဆိုင်ရာနားလည်မှုစာချွန်လွှာ၊ တရုတ်ယွမ် ၅ သန်းတန်ဖိုးရှိ ရဲလုပ်ငန်းဆိုင်ရာ အသုံးအဆောင်ပစ္စည်းများအကူအညီပေးရေးစာလွှာတို့အား လက်မှတ်ရေးထိုးနိုင်ခဲ့၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံဝန်ကြီးဌာနနှစ်ခုကြား ပူးပေါင်းဆောင်ရွက်မှုများအပေါ် အပြုသဘောဆောင်သည့်ရလဒ်များရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here