အောင်ပန်းမြို့တွင် မိုးသည်းထန်စွာရွာပြီး ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်ခဲ့ရာမှ ကလေးငယ်တစ်ဦး ရေနစ် အသက်ဆုံးရှုံး

0
68

ရှမ်းပြည်နယ် တောင်ပိုင်း အောင်ပန်းမြို့တွင် မိုးသည်းထန်စွာရွာပြီး တောင်ကျချောင်းရေများကြောင့် ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ ရပ်ကွက်များအတွင်း ရေများဝင်ရောက်ခဲ့ပြီး (၅)နှစ်အရွယ် ကလေးငယ်တစ်ဦး ရေနစ် အသက်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ စက်တင်ဘာ (၁၀)ရက် နံနက်ပိုင်းမှ စတင်၍ အောင်ပန်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းကာ ရပ်ကွက်များအတွင်း ရေနစ်မြုပ်ခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ အောင်ပန်းမြို့ဖွံ့ရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမူကူညီရေးအသင်းအဖွဲ့များ၊ တာဝန်သိပြည်သူများမှ သက်ကြီးရွယ်အို၊ ကလေးငယ်များ ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခြင်း၊ ရေနှစ်မြုပ်နေအိမ်မှ ပစ္စည်းများရွှေ့ပြောင်းခြင်းများ ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရေကြီး၊ ရေလျှံမူကြောင့် အောင်ပန်းမြို့၊ အမှတ် (၃)ရပ်ကွက်နေ (၅)နှစ်အရွယ် ကလေးငယ် တစ်ဦးမှာ စက်တင်ဘာ (၁၀)ရက် ညနေပိုင်းက ရေနှစ် အသက်ဆုံးရှုံးခဲ့ရပြီး ရုပ်အလောင်းကို အောင်ပန်းဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန် အရှေ့လေပွေလှိင်း(Low Pressure Cell)နှင့်အတူ ရွေ့လျားဝင်ရောက်လာ သည့် မိုးတိမ်များကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့အပါဝင် အချို့မြိုနယ်များတွင် မိုးများနိုင်ကြောင်း၊ မိုးရေချိန် ၁၃၀ မီလီမီတာ (၅ လက်မနှင့်အထက်) ရွာသွန်းနိုင်ကြောင်း မိုးလေဝသလေ့လာစောင့်ကြည့်သူ ဆရာ ဝင်းနိုင် က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ထို့ကြောင့် အဆိုပါ ဒေသများတွင် ရေနှင့် ပတ်သက်သည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သောကြောင့် သတိပြုနေထိုင်ကြရန် အသိပေးရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here