EV အားသွင်းခ နှစ်ဆကျော် မြင့်တက်လာ

0
74

လျှပ်စစ်ယာဉ် EV အားသွင်းခ နှုန်းထားသည် လက်ရှိတွင် EV အားသွင်းသည့် Charging Station များ၌ အားသွင်းခ နှစ်ဆကျော် မြင့်တက်နေကြောင်း EV တက္ကစီ ယာဉ်မောင်းအသိုင်းအဝိုင်းမှ သိရသည်။

ယခင်က လျှစ်စစ်ယာဉ် EV အားသွင်းခနှုန်းထား (၁) ယူနစ် (၄၀၀) ကျပ်မှ ယခု (၁၀၀၀) ကျပ်အထိ မြင့်တက်လာခြင်း ဖြစ်ကြောင်း EV တက္ကစီ ယာဉ်မောင်းတစ်ဦးက ပြောသည်။

နောက်ဆက်တွဲအနေဖြင့် EV အားသွင်းခ မြင့်တက်လာသလို EV ယာဉ်ပိုင်ရှင်များက တက္ကစီ အုံနာခ တိုး၍မြင့်တက်လာမည်ကိုလည်း ယာဉ်မောင်းများက စိုးရိမ်နေကြသည်။

“Company နဲ့ မောင်းတဲ့ EV တွေက ကိစ္စမရှိဘူးလေ၊ အကိုက EV အုံနာဆီက ယူမောင်းတာ၊ ကားတော့ သူ့ဆီ ပြန်အပ်ရတယ်၊ သူကပဲ အားသွင်းတာ ကားပြင်တာ လုပ်ပေးတယ်၊ အားသွင်းခ စျေးတက်တော့ အုံနာကြေးစျေးတက်မှာ စိုးရတယ်” ဟု ယာဉ်မောင်းတစ်ဦးက သူ၏ အခက်အခဲကို ရှင်းပြသည်။

လက်ရှိတွင် စက်သုံးဆီစျေးမြင့်တက်မှု၊ စက်သုံးဆီပြတ်လပ်မှုအခက်အခဲကြောင့် လျှပ်စစ်ယာဉ် EVကို စိတ်ဝင်စားသူ များပြားလာခဲ့ပြီး အငှားယာဉ်မောင်းများလည်း ရှိလာခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ရန်ကုန်မြို့အတွင်း မောင်းနှင်ကြသည့် EV တက္ကစီများရှိသလို ရန်ကုန်မြို့မှ နယ်ဝေးသို့ နေ့ချင်းပြန်သွားနိုင်သည့် စင်းလုံးငှားအဖြစ် မောင်းနှင်ပို့ဆောင်နေသည့် EV တက္ကစီများလည်းရှိလာကြောင်း သိရသည်။

EV ကားစျေးကွက်အတွင်း လပြတ်ဖြင့်ငှားရမ်းမှုများရှိလာသလ်ို အရောင်းအဝယ်ပိုင်းလည်း သိန်းတစ်ထောင်ဝန်းကျင် ဈေးရှိကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း နိုင်ငံအတွက် ဦးစားပေးတင်သွင်းရန် လိုအပ်သည့်ကုန်ပစ္စည်းများ တင်သွင်းနိုင်ရန်ရည်ရွယ်၍ ဓာတ်မြေဩဇာ၊ လျှပ် စစ်သုံးယာဉ်(Electric Vehicle) များကို ပို့ကုန်ရငွေ (Export Earning) ရှိလျှင် ဦးစားပေးတင်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

EV ကားများ စတင်တင်သွင်းခွင့်ပြုသည့်အချိန် မှစ၍ ၂၀၂၄ ခုနှစ် မေလကုန်အထိ ကားစီးရေ (၄၃၀ဝ) ကျော်ရှိလာပြီး ၂၀၂၃ ခုနှစ်တွင် EV ကား ပေါ်လစီကြေညာချိန်၌ ပထမဆုံး လိုင်စင်ရ ကုမ္ပဏီ(၉)ခုရှိပြီး နောက်ပိုင်းတွင် တင်သွင်းခွင့်ရကုမ္ပဏီပေါင်း (၈၀)‌ကျော်အထိ ရှိလာနေကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here