လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ခရမ်းချဉ်သီးများ ဈေးကောင်းမရဟု တောင်သူများပြော

0
147

ရှမ်းပြည်နယ်ဘက်မှ စိုက်ပျိုးထွက်ရှိသည့် ခရမ်းချဉ်သီးများ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အခြားဒေသများသို့ မတင်ပို့နိုင်သည့်အတွက် ဈေးကောင်းမရကြောင်း ခရမ်းချဉ်သီးစိုက်တောင်သူများ၏ ပြောပြချက်အရ သိရသည်။

ရန်ကုန်တွင် ခရမ်းချဥ်သီးတပိဿာ ကျပ် ၂၅၀၀ အထိရှိသော်လည်း ရှမ်းပြည်ဘက်တွင် တောင်သူများအနေဖြင့် ခရမ်းချဉ်သီးတပိဿာ (၃၀၀) ကျပ်သာရရှိသည့်အတွက် တောင်သူများ အရှုံးပေါ်နေကြောင်း သိရသည်။

” ရှမ်းပြည်နယ်က ခရမ်းချဥ်သီးစိုက်တဲ့ တောင်သူတွေအနေနဲ့ အခြားဒေသတွေကို ပို့ဖို့အခက်အခဲရှိတယ်။ အထွက်နှုန်းကတိုးတယ်။ ပို့ဆောင်ဖို့ အခက်အခဲရှိတော့ အထွက်နှုန်းတိုးပေမဲ့ ဈေးကောင်းမရတဲ့ အခြေအနေတွေကြောင့် အရှုံးပေါ်ပြီး လွှင့်ပစ်လိုက်ရတဲ့ အခြေအနေတွေအထိ ဖြစ်ကုန်တယ်”ဟု ရှမ်းပြည်နယ်မှ ခရမ်းချဉ်သီးစိုက်တောင်သူတစ်ဦးက ပြောသည်။

ဇူလိုင်လတွင် ခရမ်းချဥ်သီးတပိဿာ ကျပ် (၂၅၀၀) အထိ ဈေးကောင်းရခဲ့သော်လည်း ဩဂုတ်လတွင် (၁၀၀၀) ကျပ်အထိ ကျဆင်းလာကာ ယခု စက်တင်ဘာလပထမအပတ်တွင် တပိဿာ ကျပ် (၃၀၀) သာရရှိတော့ကြောင်း သိရသည်။

ယင်းအခြေအနေများကြောင့် ရန်ကုန်သို့ ခရမ်းချဉ်သီးအဝင် နည်းလာပြီး ခရမ်းချဉ်သီးဈေးနှုန်းများ ပိုမိုမြင့်တက်လာနိုင်‌ခြေရှိကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ၌ ခရမ်းချဉ်သီးကို မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် စသည့်ဒေသများ၌ စိုက်ပျိုးကြပြီး ဒေသတစ်ခုနှင့်တစ်ခု စိုက်ပျိုးချိန် မတူညီကြောင်း သိရသည်။

ပုံမှန်အားဖြင့် နှစ်စဉ် မေလမှစက်တင်ဘာလအတွင်း ခရမ်းချဉ်သီးဈေးကောင်း ရရှိသော်လည်း ယခုနှစ်တွင် ‌အကြောင်း အမျိုးမျိုးကြောင့် ခရမ်းချဉ်သီးဈေးကွက် မတည်မငြိမ်ဖြစ်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here