ရေဘေးသင့်ပြည်သူများကို ကူညီရန် ချန်ပီယံခါးပတ်ကိုလေလံတင်ရောင်းချမည်ဟု ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်း ပြော

0
117

ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်းက သူ၏ မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံခါးပတ်ကို လေလံတင်ရောင်းချကာ ရရှိလာသည့် ငွေကြေးအား ရေဘေးသင့်ပြည်သူများကို ကူညီသွားမည်ဖြစ်ကြောင်း ယနေ့တွင် သူ၏ လူမှုကွန်ရက်ဖေ့ဘွစ်စာမျက်နှာမှတဆင့် အသိပေးထားသည်။

လေလံတင်ရောင်းချရာတွင် အများဆုံးပေးနိုင်သူကို ရောင်းချ၍ ခါးပတ်ကို ပေးအပ်သွားမည်ဖြစ်ကာ ရေဘေးသင့်ပြည်သူ လူမျိုးဘာသာမခွဲခြားဘဲ ၎င်းကိုယ်တိုင်ကူညီလှူဒါန်းသွားမည်ဖြစ်ကြောင်း ဆိုသည်။

“ကျွန်တော့ဘဝမှာ ပထမဦးဆုံးရရှိခဲ့တဲ့ မြန်မာ့လက်ဝှေ့ကမ္ဘာ့ချန်ပီယံခါးပတ် ကို ရေဘေးသင့်နေကြတဲ့ ပြည်သူများအတွက် လေလံတင်ပြီးရောင်းချသွားမှာပါ။ ဒီခါးပတ်ကို ရရှိဖို့ ကျွန်တော့်ရဲ့အသက်နဲ့ ရင်းပြီးကြိုးစားခဲ့သလို ကျွ န်တော် တန်ဖိုးထားမြတ်နိူးတဲ့ ခါးပတ်ဖြစ်နေပေမယ့်လည်း ရေဘေးသင့်ပြည်သူတွေနဲ့ ယှဥ်လာတဲ့အခါ ကျွန်တော့မှာ ခံနိုင်ရည်မရှိတော့ပါဘူး။ ဒါ့ကြောင့် ကျွန်တော့အနေနဲ့ ဒီ ခါး ပတ်ရဲ့ လေလံပွဲလေးကို ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်” ဟု ရေးသားမျှဝေထားသည်ကို တွေ့ရသည်။

လေလံတင်ရောင်းချပွဲမှရရှိလာသည့် ငွေကြေးအား တစ်ပြားတစ်ချပ် မကျန် မီဒီယာမှတဆင့် အတိအလင်း ပေးအပ် လှူဒါန်းသွားမည်ဟု ပရိတ်သတ်အား အသိပေးနှိုးဆော်ထားသည်။

လက်ရှိတွင် အဆိုပါ မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံခါးပတ်ကို ၎င်း၏ ပရိတ်သတ်တစ်ဦးက ကျပ်(၁၀)သိန်းဖြင့် စတင်ဖွင့်လှစ်ထားပြီး ကျပ်သိန်း(၃၀)အထိ လေလံဈေးရရှိနေပြီဖြစ်သည်ကိုတွေ့ရသည်။

ခါးပါတ်လေလံတင်ရောင်းချမှု နောက်ဆုံးရရှိလာသည့် အခြေအနေကို ပေါ်ပြူလာနယူးစ်က ဆက်လက်စုံစမ်းကာ ရေးသားဖော်ပြသွားမည်ဖြစ်သည်။

ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်းအနေဖြင့် ယခုလ စက်တင်ဘာ (၂၂)ရက် မွန်းလွဲပိုင်းတွင် ရိုးရာလက်ဝှေ့ကျော် ကျော်စွာဝင်းနှင့် မြန်မာပြည်ချန်ပီယံခါးပါတ် စိန်ခေါ်ပွဲအတွက် ယှဉ်ပြိုင်ထိုးသ-တ်ရန်လည်းရှိနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here