သစ်ဆုံဆည်မှ ရေလွှတ်မည်ဆိုခြင်းမှာ သတင်းမှားသာဖြစ်

0
66

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်ရှိ သစ်ဆုံဆည်မှ ရေလွှတ်မည်ဆိုခြင်းမှာ သတင်းမှားသာဖြစ်သည်ဟု ပျော်ဘွယ်မြို့နယ်မီးသတ်တပ်ဖွဲ့မှ ယနေ့ စက်တင်ဘာ ၁၂ ရက်ညပိုင်းက အသိပေးထုတ်ပြန်ခဲ့သည်။

သစ်ဆုံဆည်မှ ရေလွှတ်မည်ဟု ကောလဟလသတင်းများထွက်ပေါ်နေသဖြင့် ပျော်ဘွယ်မြို့နယ်နေသူများစိတ်ပူပန်မှုဖြစ်ပေါ်နေ၍ ပျော်ဘွယ်မြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ်ဆည်မြောင်းဦးစီးဌာနသို့ဆက်သွယ်ကာ အတည်ပြုချက်ရယူပြီးနောက် မြို့နယ်အတွင်းနေသူများ စိုးရိမ်ထိတ်လန့်မှုမရှိစေရန် ဆည်ရေလွှတ်မည်ဆိုခြင်းမှာ သတင်းမှားဖြစ်သည်ဟု အသိပေးခဲ့ခြင်းဖြစ်သည်။

” သစ်ဆုံဆည်က ရေတအားများနေတဲ့အတွက် ရေလွှတ်မယ်ဆိုပြီး သတင်းတွေထွက်နေတာ။ ရေကြီးနေရတဲ့ကြားထဲ ဆည်ကရေလွှတ်မယ်ဆိုတော့ ကျွန်တော်တို့ဘယ်လိုရှောင်ရမလဲဆိုတာတွေးပြီး စိတ်မောနေရတုန်း သတင်းမှားလို့သိလိုက်ရတဲ့အတွက် စိတ်အေးရတာပေါ့ဗျာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပျော်ဘွယ်မြို့နယ်အတွင်း၌ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းနှင့် ပျော်ဘွယ်မြို့ပေါ်တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ရေကြီးရေလျှံနေမှုကြောင့် ရေဘေးသင့်ပြည်သူများအား မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်လူမှုကူညီရေးအသင်းဝင်များက ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ကူညီပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here