ရွှေ့ပြောင်းလုပ်သားများကိုသင့်တင်သောလုပ်ခလစာပေးရန်ပုပ်ရဟန်းမင်း တိုက်တွန်း

0
96

ရှည်ကြာသော အာရှ-ပစိဖိတ်ခရီးစဉ်၏ နောက်ဆုံးခြေလှမ်းအဖြစ် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေခဲ့သော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က စင်ကာပူရှိ ရွှေ့ပြောင်းလုပ်သားများ ကို သင့်တင့်လျှောက်ပတ်သော လုပ်ခလစာ ပေးရန် ပန်ကြားခဲ့သည်။

‘ရွှေ့ပြောင်းလုပ်သားများရဲ့ ဂုဏ်သိက္ခာကို အကာအကွယ်ပေးဖို့ရာ အထူး အာရုံစိုက်သင့်ပါတယ်” ဟု ဒေသဆိုင်ရာ အာဏာပိုင်များ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ဂုဏ်သရေရှိပုဂ္ဂိုလ်များကို မိန့်ခွန်းပြောကြားရာတွင် သက်တော် ၈၇ နှစ်အရွယ်ရှိ ပုပ်ရဟန်းမင်းကြီးက ပြောဆိုခဲ့သည်။

“ဒီအလုပ်သမားတွေက လူ့အဖွဲ့အစည်းကို အများကြီး အကျိုးပြုသူတွေဖြစ်တဲ့အတွက် မျှတတဲ့ လုပ်ခလစာရဖို့ အာမခံချက်ရှိသင့်တယ်” ဟုလည်း သူက ဆိုသည်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့၏ အဆိုအရ ကမ္ဘာတစ်ဝန်းတွင် ရွှေ့ပြောင်းလုပ်သားဦးရေ ခန့်မှန်းခြေ သန်း ၁၇၀ ခန့် (ကမ္ဘာ့အလုပ်သမားအင်အား၏ ၅ ရာခိုင်နှုန်း) ရှိကြောင်း သိရသည်။ ရွှေ့ပြောင်းလုပ်သားအများစုသည် ဥရောပ၊ ဗဟိုအာရှနှင့် အမေရိကဒေသများတွင် နေထိုင်ကြသည်။

သို့ရာတွင် ဈေးပေါသော အလုပ်သမားများသည် ဒူဘိုင်း၊ ဒိုဟာနှင့် စင်ကာပူကဲ့သို့ တောက်ပသော မြို့ကြီးများ၏ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုက်တက်လာမှုတွင် အဓိကကျခဲ့သည်။

ဝင်ငွေနိမ့်သော ရွှေ့ပြောင်းလုပ်သား ၃ သိန်းခန့်သည် စင်ကာပူတွင် ခက်ခဲပင်ပန်းစွာ ရုန်းကန်နေရသည်ဟု ခန့်မှန်းထားသည်။

စင်ကာပူရှိ ရွှေ့ပြောင်းလုပ်သားအများအပြားသည် တောင်အာရှနှင့် ကက်သလစ်ဘာသာဝင် အများစုရှိရာ ဖိလစ်ပိုင်နိုင်ငံတို့မှ လာရောက်သူများဖြစ်ကြသည်။

ပုပ်ရဟန်းမင်းကမူ စင်ကာပူရှိ ရွှေ့ပြောင်းအလုပ်သမားများကို အတိအကျရည်ညွှန်းပြောဆိုခြင်းမျိုး မရှိသော်လည်း သူ၏ မိန့်ကြားချက်များသည် အစိုးရကို စိတ်မသက်မသာဖြစ်စေဖွယ်ရှိသည်။

စင်ကာပူသည် လူမျိုးပေါင်းစုံ၏ ယဉ်ကျေးမှုများနှင့် ဘာသာတရားများ ဖြင့် စည်းလုံးညီညွတ်စွာ နေထိုင်ကြသည့် နိုင်ငံတစ်ခုဖြစ်ကြောင်းနှင့် လူဦးရေ ခြောက်သန်းနီးပါးကို ကမ္ဘာကြီးအတွက် မီးရှုးတန်ဆောင်တစ်ခုအဖြစ် ပုံဖော်ရေးဆွဲထားကြောင်း ပုပ်ရဟန်းမင်းက ပြောဆိုသည်။

လူသားမျိုးနွယ်စု စည်းလုံးညီညွတ်ရေး၊ လူမျိုးပေါင်းစုံ၊ နိုင်ငံပေါင်းစုံ၏ ဘုံအကျိုးစီးပွားအတွက် ဆက်လက်လုပ်ဆောင်ကြရန် တိုက်တွန်းလိုပါကြောင်း သူက ပြောဆိုခဲ့သည်။

Ref: အယ်လာရက်ဘီးယားနူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here