နေပြည်တော်ကောင်စီနယ်မြေအတွင်း ယာယီရေဘေးရှောင်စခန်း (၃၅) ခုဖွင့်လှစ်ထား

0
37

နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ ယာယီရေဘေးရှောင်စခန်း (၃၅) ခု ဖွင့်လှစ်၍ ရေဘေးသင့်ပြည်သူများကိုကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

နေပြည်တော် ကောင်စီနယ်မြေအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်‌ရေ၊ ချောင်းရေများ မြင့်တက်လာပြီး ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့မှ ရပ်ကွက်၊ ကျေးရွာများတွင် ရေနစ်မြုပ်မှုများဖြစ်ပွားလျက်ရှိသည့်အတွက် လတ်တလောတွင် ယာယီရေဘေးရှောင်စခန်းများဖွင့်လှစ်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယာဂီမုန်တိုင်းအရှိန်ကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ငလိုက်ချောင်း၊ ဆင်‌ေ-သချောင်းနှင့် ပေါင်းလောင်းမြစ်များတွင် ရေမြင့်တက်လျက်ရှိသည့်အတွက် ရေလွှမ်းမိုးခြင်း၊ မြစ်ကမ်းပါးနေရာအချို့၌ ကမ်းပါးပြိုကျခြင်း၊ လျှပ်စစ်မီးတိုင်များနှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးခြင်း၊ လမ်းများ၊ တံတားများပြိုကျပျက်စီးခြင်း၊ မြေကျွံခြင်း၊ လူနေအိမ်များပျက်စီးခြင်း စသည်တို့ဖြစ်ပွားခဲ့သည့်အပြင် ရေကြီးရေလျှံမှုဖြစ်ပွားသော မြို့ရွာများတွင် လျှပ်စစ်မီးများပြတ်တောက်ပြီး အခြေခံပညာစာသင်ကျောင်းများကိုလည်း ခေတ္တပိတ်ထားရကြောင်း သိရသည်။

ထို့ပြင် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ လယ်ဝေးမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရအောင်းချောင်း၊ ပလွေးချောင်းနှင့် ငလိုက်ချောင်းများမှ ရေများမြင့်တက်လျက်ရှိသော်လည်း ရပ်ကွက်ကျေးရွာများတွင် ရေဝင်ရောက်မှုမရှိဘဲ ဥတ္တသီရိမြို့နယ်ရှိ တံခွန်တိုင်ချောင်း၊ တောင်ညိုချောင်း၊ ငလိုက်ချောင်းများတွင် ချောင်းဘေးရှိ အိမထောင်စုများတွင် ရေအနည်းငယ်ဝင်ရောက်လျက်ရှိသော်လည်း စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း၊ အဆိုပါ ချောင်းဘေးတလျှောက်တွင် နေထိုင်လျက်ရှိသည့် လူနေအိမ်များမှအိမ်ထောင်စုများကို အရေးပေါ်ရွှေ့ပြောင်းထားရှိနိုင်ရေး ယာယီရေဘေးရှောင်စခန်း (၁၆)ခုကို စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများက ရေဘေးလွတ်ရာ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ စက်လှေများ၊ မော်တော်ယာဉ်များဖြင့် အဆင့်ဆင့်ပြောင်းရွှေ့နေရာချထားပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် အဆိုပါ တပ်ကုန်းမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်များရှိ ရေဘေးရှောင်စခန်း (၃၅)ခုတွင် ဆရာဝန် (၂၁)ဦး၊ အခြေခံကျန်းမာရေးဝန်ထမ်း (၁၂၇)ဦးတို့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိ ကြောင်းလည်း သိရသည်။

ကျန်းမာရေးဦးစီးဌာနအနေဖြင့် ရေပြန်လည်ကျဆင်းပြီးနောက်တွင် ဖြစ်ပွားတတ်သည့် ဝမ်းပျက်ဝမ်းလျောရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါကဲ့သို့ ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရန် ရေတွင်းရေကန်များကို ရေဆိုးထုတ်ခြင်း၊ ကလိုရင်းဆေးခပ်ခြင်းနှင့် ခြင်ကျားလောက်လန်းများ နှိမ်နင်းရန်အတွက် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို ဒေသအလိုက် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ နှီးနွယ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ကြောင်း သိရသည်။

ထို့ပြင် ရေဘေးရှောင်စခန်းများတွင် ဆေးဝါးနှင့်ဆေးပစ္စည်းများ လုံလောက်စွာ ထောက်ပံ့ပေးနိုင်ရေး၊ (၂၄)နာရီအချိန်ပြည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေး၊ အစာမစားမီနှင့် အိမ်သာမှအထွက်တွင် စနစ်တကျလက်ဆေးနိုင်ရေး၊ သန့်စင်သည့်ရေကို သောက်သုံးနိုင်ရေး၊ ရေသန့်စင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ အစားအစာများကို သန့်ရှ င်းစွာနှင့် ပူပူနွေးနွေးစားသုံးနိုင်ရေး အမှိုက်များကို အဖုံးပါသည့်အမှိုက်ပုံးများတွင် စနစ်တကျစွန့်ပစ်နိုင်ရေး၊ ကူးစက် ရောဂါများ ကာကွယ်ရေးအတွက် ကျန်းမာရေး အသိပညာပေးရေးနှင့် ဆေးရုံသို့လွှဲပြောင်းကုသရန်လိုအပ်သည့် လူနာများကို အချိန်နှင့်တပြေးညီ လွှဲပြောင်းကုသနိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here