အများပြည်သူ လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး ယာယီတံတားများ အမြန်ဆုံး တည်ဆောက်ပေးရန် နစကဥက္ကဋ္ဌ မှာကြား

0
35

နေပြည်တော်ကောင်စီ နယ်မြေအတွင်း ရေကြီး ရေလျှံမှုများကြောင့် ပျက်စီးခဲ့သည့် တံတားများအား ပြည်သူများသွားလာရေးအဆင်ပြေစေရန်နှင့် လမ်းပန်းဆက်သွယ်မှုမပြတ်တောက်စေရေး ယာယီတံတားများကို အမြန်ဆုံးဆောင်ရွက်ပေးသွားရန် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားသည်။

နေပြည်တော်ကောင်စီ နယ်မြေအတွင်း ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုများ၊ ရေကြီးရေလျှံမှုများကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်း၊ တံတားများ လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေးအတွက် ယာယီပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ရေကြီးရေလျှံမှုအခြေ အနေများကို ယနေ့စက်တင်ဘာ (၁၃) ရက် မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုစဉ် ယင်းကဲ့သို့ မှာကြားခဲ့ခြင်း ဖြစ်သည်။

နစက ဥက္ကဋ္ဌ သည် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့ အား ဆက်သွယ်ထားသော ပုဗ္ဗသီရိမြို့ပတ်လမ်းပေါ်ရှိ အရှည် ၃၆၀ ပေ၊ အကျယ် ၅၅ ပေရှိ သိုက်ချောင်းတံတား (ဆင်‌ေ-သချောင်းကူး) ကမ်းကပ်ခုံများပျက်စီးခြင်း၊ ချဉ်းကပ်လမ်း ရေတိုက်စား၍ လမ်းတာပေါင်ပျက်စီးခြင်း၊ တံတားရေလယ်တိုင်(Pier) များ နိမ့်ကျခြင်းများဖြစ်ပေါ်ခဲ့သဖြင့် လမ်းပန်းဆက်သွယ်မှုမပြတ်တောက်စေရေး ဘေလီ တံတားထိုး၍ ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ရေကြီးရေလျှံမှုများ လျော့ပါးသွားချိန်၌ ပျက်စီးသွားသည့်တံတားများ ပြန်လည်ပြုပြင်တည်ဆောက်ရာတွင်လည်း ရေရှည်တည်တံ့ခိုင်မြဲရေး၊ သဘာဝဘေးဒဏ်ခံနိုင်ရေးနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ချိန်တွင် အရှိန်အဟုန်ဖြင့် ရေ စီးဆင်းမှုဒဏ်ကို ခံနိုင်ရေးတို့အတွက် စနစ်တကျ ထည့်သွင်းတွက်ချက်၍ ပြန်လည်ပြင်ဆင်ဆောင်ရွက်သွားရန်လိုကြောင်း နစက ဥက္ကဋ္ဌက မှာကြားခဲ့သည်။

ထို့အပြင် ကျေးရွာ၊ ရပ်ကွက်များအတွင်း ရေဝပ်မှုများကျဆင်းရန် စက်ယန္တရားများရှိသည့် ဝန်ကြီးဌာနများနှင့် တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့များမှ စက်ယန္တရားများ ထပ်မံထုတ်ယူ၍ ရေစီးရေလာကောင်းမွန်အောင် ရေလမ်းကြောင်းအမြန်ရှင်းလင်းခြင်းကို စက်ယန္တရား အင်အား၊ လူအင်အား အင်ပြည့်အားပြည့်ဖြင့် အသုံးပြုသွားရန် မှာကြားခဲ့သည်ဟု သိရသည်။

ထို့နောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများမှ ကူညီရွှေ့ပြောင်းရန် လိုအပ်နေသူများအား ယာယီရေဘေးရှောင်စခန်းများသို့ ကူညီပြောင်းရွှေ့ပေးထားမှု အခြေအနေများကို မေးမြန်းကာ ရေဘေးသင့်ပြည်သူများ၏ နေရေးနှင့် စားရေးအဆင်ပြေစေရေးအတွက် စီမံဆောင်ရွက်ပေးသွားရန်နှင့် လိုအပ်သည့် ထောက်ပံ့မှုများကိုလည်း ဆောင်ရွက်ပေးသွားပြီး ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင်ကျောင်းများ၏ ဆွမ်းကိစ္စအဆင်ပြေစေရေးအတွက်လည်း ဆောင်ရွက်ပေးရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here