ရွှေဆံပင် ဆရာတော်နှင့်အဖွဲ့က ကျပ်သိန်း (၁၀၀) မတည်၍ ရေဘေးကူညီဆောင်ရွက်လျက်ရှိ

0
57

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဆံပင်ဆရာတော် ဦးဆောင်သော ရွှေဆံပင်အဖွဲ့က ရေဘေးဒုက္ခရောက်နေသူများလက်ရောက် လှူဒါန်းကူညီနိုင်ရန်အတွက် ကျပ်သိန်း (၁၀၀) မတည်၍ အလှူရှင်များ၏ အလှူငွေအားဖြင့် ကူညီမှုများစတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ရွှေဆံပင်ဆရာတော်အရှင်ဝေပုလ္လထံမှ သိရသည်။

“လောလောဆယ် ကယ်ဆယ်ရေးအတွက် ဘုန်းဘုန်းက (၁၀) သိန်းမတည်ပြီး ထမင်းဘူးဝေတာတွေ၊ ကယ်ဆယ်ရေးလုပ်တဲ့သူတွေကို ကုသိုလ်လုပ်ပေးတယ်။ ဒုတိယအစီအစဉ်က ရွှေဆံပင်အဖွဲ့အနေနဲ့ သိန်း (၁၀၀) မတည်ပြီး အနည်းဆုံးအိမ်ထောင်စု (၁၀၀၀) စာကို ဆန်၊ ခြင်ထောင်အပါအဝင် ပစ္စည်း (၅) မျိုး၊ (၆) မျိုးလောက် (၅)သောင်းဖိုးလောက်လှူဖို့စီစဉ်ထားပါတယ်။ အလှူရှင်တွေ ပူးပေါင်းလာရင် အိမ်ထောင်စု တစ်ထောင်ကနေ နှစ်ထောင်၊ သုံးထောင်ဖြစ်သွားနိုင်ပါတယ်”ဟု ရွှေဆံပင်ဆရာတော် အရှင်ဝေပုလ္လက မိန့်သည်။

ရွှေဆံပင်အဖွဲ့အနေဖြင့် ရေဘေးကူညီလှုဒါန်းရာတွင် လိုအပ်သည့်နေရာကို လှူသွားမည်ဖြစ်ပြီး ပစ္စည်းဆုံးရှုံးမှုများသည့်နေရာ၊ အလှူရှင်မရောက်သည့်နေရာကို ဦးစားပေးကူညီသွားမည်ဖြစ်ရာ ရှေ့ပြေးအဖွဲ့များအနေဖြင့် လေ့လာစုံစမ်းသိရှိနိုင်ရန် စက်တင်ဘာ (၁၄)ရက်တွင် ရေဘေးသင့်ဒေသများသို့ ထွက်ခွာသွားကြပြီဖြစ်ကြောင်း သိရသည်။

“ရေဘေးနဲ့ ပတ်သက်လို့ အရောင်ခွဲခြားမှုတွေ မလုပ်ဘဲ တတ်နိုင်သူတွေက တတ်နိုင်သလောက်လုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ဆိုင်ရာပုဂ္ဂိုလ်တွေကလည်း ပရဟိတလုပ်နေသူတွေကို ကူညီစောင့်ရှောက်စေချင်ပါတယ်။ အားလုံးအပြန်အလှန် စောင့်ရှောက်ပြီး နိုင်တဲ့ဖက်ကနေ တာဝန်ယူပြီးလုပ်စေချင်ပါတယ်”ဟု ရွှေဆံပင်ဆရာတော် အရှင်ဝေပုလ္လကမိန့်ကြားသည်။

ဒေါက်တာ ဒေါ်ညိုညိုသင်း၏ ရန်ကုန်စောင့်ကြည့်ပရဟိတအဖွဲ့၏ ဖိတ်ခေါ်ချက်အရ ရေကူးကျွမ်းကျင်သည့် ရွှေဆံပင်အဖွဲ့သားများကို ဆရာတော် ဦးသုဘောဂ ဦးဆောင်၍ ရေဘေးသင့်ဒေသသို့ ထွက်ခွာသွားကြပြီဖြစ်ရာ ရေကူးဆရာများက ဧရာဝတီတိုင်းဖက်မှ လူငယ်လေးများကို အဆက်အသွယ်ဖြင့် အကူအညီ တောင်းထားခြင်း ဖြစ်ကြောင်းလည်းသိရသည်။

အဆိုပါ ကူညီကယ်ဆယ်ရေးအဖွဲ့သည် မိတ္ထီလာမြို့တွင် အထိုင်ချပြီး ‌မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့၊ ဒေသခံပရဟိတအဖွဲ့များနှင့် ပူးပေါင်း၍ ရမည်းသင်း၊ ဝမ်းတွင်း၊ သာစည်၊ ကူမဲ၊ မြစ်သားစသည့် လိုအပ်မည်ထင်သည့် နေရာများကို ရေတို ရေရှည် လိုအပ်ချက်များလေ့လာရင်း စွမ်းနိုင်ရာကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here