ရုရှားနိုင်ငံအတွင်းပိုင်းသို့ ထိုးစစ်ဆင်ရန်အတွက် ယူကရိန်းအား ဂျာမန်လက်နက်များကို အသုံးပြုခွင့်မပေးဟု ဂျာမနီအဓိပတိ ပြောကြား

0
105

ရုရှားနိုင်ငံအတွင်းပိုင်းသို့ ယူကရိန်းတို့ နက်ရှိုင်းစွာ ဝင်ရောက်တိုက်ခိုက်ရန်အတွက် ဂျာမန်လက်နက်များအသုံးပြုခွင့်ပေးရန်မှာ ကြီးမားသောပြဿနာဖြစ်သဖြင့် ထိုသို့ အသုံးပြုခွင့်မပေးဟု ဂျာမနီနိုင်ငံ အဓိပတိ Olaf Scholz ကပြောကြားသည်။ ထို့အပြင် နောက်နောင်တွင် ယူကရိန်းသို့ တာဝေးပစ်လက်နက်များ ထောက်ပံ့ပေးရန်ကိုပါ သူက ငြင်းဆိုခဲ့သည်။

တာဝေးပစ် Taurus ဒုံးကျည်များကို ယူကရိန်းအား ပေးအပ်ရန် ငြင်းဆိုကြောင်းနှင့် လက်ရှိအခြေအနေကို ပိုမိုဆိုးရွားသွားစေလိမ့်မည်ဟု စိုးရိမ်မှုများကြောင့် ထိုသို့ ငြင်းဆိုရခြင်းဖြစ်ကြောင်းကိုပါ Prenzlau မြို့ လူထုအစည်းအဝေး၌ မိန့်ခွန်းပြောကြားရာတွင် အဓိပတိက ထပ်လောင်းပြောကြားခဲ့သည်။

“သူတို့ဆီမှာ တခြားလက်နက်တွေရှိနေပါသေးတယ်၊ အဲဒီလက်နက်တွေနဲ့ အခုလောက်စစ်ဆင်ရေးကို ကောင်းကောင်းကြီး တိုက်ခိုက်နိုင်ပါတယ်” ဟု Scholz က ပြောကြားခဲ့သည်။

“ဒါကြောင့် တခြားနိုင်ငံတွေက ဘယ်လိုပင် ဆုံးဖြတ်ကြသည်ဖြစ်စေကာမူ ကျွန်တော့်အနေနဲ့ ဒါဟာ ပြဿနာကြီးတစ်ခုလို့ ယူဆတဲ့အတွက် ကျွန်တော်မလုပ်ပါဘူး။ ကျွန်တော့်ရဲ့ ရပ်တည်ချက်ကို ဆုပ်ကိုင်ထားမှာပါ” ဟုလည်း သူက ဆက်လက်ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းသို့ပေးအပ်ထားသော တာဝေးပစ်လက်နက်များအပေါ် လက်ရှိကန့်သတ်ထားချက်များကို ရုတ်သိမ်းနိုင်သည်ဟု သတင်းအချို့က ဆိုကြရာတွင်လည်း သတင်းဌာနများ၏ ယူဆချက်အားလုံးသည် မှန်ကန်ခြင်းမရှိကြောင်း အဓိပတိက မှတ်ချက်ပြုခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဗြိတိန်ဝန်ကြီးချုပ်တို့ တွေ့ဆုံပြီးနောက်တွင်လည်း ရုရှားပိုင်နက်အတွင်းသို့ အနောက်အုပ်စု၏ တာဝေးပစ်လက်နက်များဖြင့် ယူကရိန်းကတိုက်ခိုက်ရန်ကို ဝါရှင်တန်က မီးစိမ်းပြကြောင်း ယခုထက်တိုင် မကြေညာခဲ့ချေ။


LEAVE A REPLY

Please enter your comment!
Please enter your name here