ထိုင်ဝမ်ရေလက်ကြားမှ ဂျာမန်ရေတပ်စစ်သင်္ဘောဖြတ်သန်းသွားလာမှု တရုတ်ရှုံ့ချ

0
94

ပေကျင်း၊စက်တင်ဘာ ၁၄

ထိုင်ဝမ်ရေလက်ကြားကိုဖြတ်၍ ဂျာမန်ရေတပ်သင်္ဘောနှစ်စင်းဖြတ်သန်းသွားလာမှုကို တရုတ်ကဆန့်ကျင်ရှုံ့ချခဲ့ပြီး ၎င်းတို့အနေဖြင့် လုံခြုံရေးတိုးမြှင့်ကာ အဆိုပါသင်္ဘောများကို စောင့်ကြည့်သတိပေးခဲ့ကြောင်းပြောကြားခဲ့သည်။

ထိုင်ဝမ်ကို ၎င်း၏ပိုင်နက်အဖြစ် အခိုင်အမာဆိုထားသည့် တရုတ်နိုင်ငံသည် ထိုင်ဝမ်ရေလက်ကြားနှင့်ပတ်သက်၍ ၎င်းသာလျှင်ဆုံးဖြတ်ပိုင်ခွင့် စီရင်ပိုင်ခွင့်ရှိသည်ဟူ၍လည်း ပြောကြားခဲ့သည်။

အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာကွန်တိန်နာသင်္ဘောများ၏ ထက်ဝက်ခန့်ဖြတ်သန်းသွားလာနေသည့် အဆိုပါထိုင်ဝမ်ရေလက်ကြားသည် နိုင်ငံတကာရေလမ်းတစ်ခုသာဖြစ်သည်ဟုလည်း ထိုင်ဝမ်နှင့်အမေရိကတို့ကပြောကြားခဲ့သည်။

ဂျာမန်စစ်သင်္ဘောတစ်စင်းနှင့်ထောက်ပံ့ရေးသင်္ဘောတစ်စင်းတို့၏ ထိုင်ဝမ်ရေလက်ကြားဖြတ်သန်းသွားလာမှုကို တရုတ်ရေတပ်နှင့်လေတပ်များက စောင့်ကြည့်ထိန်းချုပ်သတိပေးခဲ့ကြောင်းလည်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်းစစ်ဌာနချုပ်ကပြောကြားခဲ့သည်။

“ဂျာမနီရဲ့ အခုလုပ်ရပ်ကမဖြစ်သင့်တဲ့ကိစ္စပါ၊လုံခြုံရေးအန္တရာယ်ကိုကြီးမားစေပြီး အကျိုးမရှိစေပါဘူး၊စစ်ဌာနချုပ်က တပ်မတော်သားတွေအနေနဲ့ကတော့ အချိန်တိုင်းသတိရှိနေပြီး ခြိမ်းခြောက်မှုတွေနဲ့ရန်စမှုတွေရှိလာရင် အားလုံးကိုပြတ်ပြတ်သားသားတုန့်ပြန်သွားမှာပါ” ဟူ၍လည်း ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

ထိုင်ဝမ်ရေလက်ကြားသည် တရုတ်ပင်လယ်ပြင်ဖြစ်ပြီး နိုင်ငံတကာပင်လယ်ပြင်နှင့်ရေလမ်းကြောင်းမဟုတ်ကြောင်း ဂျာမနီအခြေစိုက် တရုတ်သံရုံးကထုတ်ပြန်ကြေငြာခဲ့ပြီး ဂျာမနီအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးပျက်ပြားစေမည့်ကိစ္စမျိုးကို မလုပ်သင့်ကြောင်းလည်း သတိပေးစကားပြောကြားခဲ့သည်။

Source : ရိုက်တာ/ဂျီအာ


LEAVE A REPLY

Please enter your comment!
Please enter your name here