ရှေးဟောင်းသမိုင်းဝင် စေတီတော်ကြီးများကို ခေတ်နှင့်အညီ ထိန်းသိမ်းရာတွင် ရေရှည်စီမံချက်ချမှတ်၍ အမြင်ကျယ်ကျယ်ဖြင့် စဉ်းစားဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ ပြော

0
45

နစက ဥက္ကဋ္ဌမှ ယမန်နေ့ စက်တင်ဘာ ၁၅ ရက်မွန်းလွဲပိုင်းက ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သွားရောက်၍ ရှေးဟောင်းသမိုင်းဝင်စေတီတော်မြတ်ကြီးများ ရေရှည်တည်တံ့ခိုင်မြဲစေရေးပြုပြင်ထိန်းသိမ်းလျက်ရှိမှုနှင့် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့စဉ် ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့်နေရာများအား ကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။

နစက ဥက္ကဋ္ဌသည် ရွှေစည်းခုံစေတီတော်မြတ်ကြီးတွင် ကြည့်ရှုစစ်ဆေးမှုများပြုလုပ်ပြီးနောက် တာဝန်ရှိသူများ၊ စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ဝင်များအားတွေ့ဆုံ၍ ရွှေစည်းခုံ စေတီတော်မြတ်ကြီးသည် နှစ်ပေါင်း ၉၆၀ ကျော်ခန့်ရှိပြီဖြစ်၍ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်အဖြစ် ရေရှည်တည်တံ့ခိုင်မြဲစေရန် စနစ်တကျထိန်းသိမ်းဆောင်ရွက်နိုင်ရေး မှာကြားသည်။

” အဲဒီလို ဆောင်ရွက်ရာမှာ ခေတ်မီနည်းစနစ်တွေနဲ့ ထိန်းသိမ်းဖို့လိုသလို ရှေးမူမပြတ်ခေတ်နဲ့အညီ ဖြစ်ဖို့လည်းလိုပါတယ်။ တခြားစေတီပုထိုးတွေကိုလည်း အခုလိုဘဲ ထိန်းသိမ်းဆောင်ရွက်သွားရပါတယ်။ ရွေစည်းခုံစေတီတော်ကြီးဟာ ပုဂံဒေသမှာရှိတဲ့ ရှေးဟောင်းစေတီတော်တွေထဲက အထင်ကရဖြစ်တဲ့ စေတီတော်ကြီးဖြစ်ပါတယ်။ ပုဂံမှာ အာနန္ဒာဘုရား၊ ထီးလိုမင်းလိုဘုရားနဲ့ တခြား အထင်ကရဖြစ်တဲ့ ရှေးဟောင်းဘုရားစေတီတွေများစွာရှိပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် စေတီတော်ကြီးများအား ခေတ်နှင့်အညီထိန်းသိမ်းရာ၌ ရေရှည်စီမံချက်များဖြင့် စနစ်တကျစဉ်းစားတွက်ချက်ဆောင်ရွက်သွားရန်နှင့် ယခုလတ်တလော ဆောင်ရွက်ထားသည့် ထိန်းသိမ်းထားရှိမှုများသည် လိုအပ်ချက်များစွာရှိနေသည့်အတွက် စနစ်တကျ ပြန်လည်ဆောင်ရွက်ရန်လိုအပ်သည်များကိုလည်း မှာကြားခဲ့သည်ဟု သိရသည်။

ထိန်းသိမ်းမှုလုပ်ငန်းများရေရှည်ဆောင်ရွက်နိုင်ရန် Master Plan များထားရှိရမည်ဖြစ်ပြီး ရှေး ဟောင်းအမွေအနှစ်များ ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်ရာတွင် တစ်ခုကောင်း၊ နှစ်ခုကောင်းဆောင်ရွက်၍မရဘဲ အားလုံးကိုထည့်သွင်းစဉ်းစားဆောင်ရွက်ရမည်ဖြစ်ကာ ရေဝင်ရေထွက်စနစ်များမှအစ စနစ်တကျတွက်ချက်ပြုပြင်ဆောင်ရွက်ရမည်ဟု မှာကြားသည်။

ထို့အတူ ခေတ်နှင့်အညီဖြစ်စေရန် ရှေးမူမပြတ်စေရေးအတွက် ကျွမ်းကျင်သူများဖြင့် စနစ်တ ကျအချိန်ယူတိုင်ပင်ဆွေးနွေးဆောင်ရွက်ရမည်ဖြစ်ပြီး ယဉ်ကျေးမှုအမြင်၊ ဗိသုကာအမြင်များ ဖြင့်လည်းကြည့်ရှု ဆောင်ရွက်သွားရမည်ဟု မှာကြားသည်။

ထို့နောက် နစက ဥက္ကဋ္ဌသည် ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းဝင် ဘုရင့်နောင်မင်းတရားကြီး ခေါင်းလောင်းစာထိန်းသိမ်းထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး သဗ္ဗညုဘုရားကြီးနှင့်ဘုရားကြီး၏ အထက်ပစ္စယံတွင်တည်ထားကိုးကွယ်သည့် ဗုဒ္ဓရုပ်ပွားတော်မြတ်အားဖူးမြော်ကြည်ညို၍ ရေကြီးမှုကြောင့် အနည်းငယ်ပြိုကျပျက်စီးခဲ့သည့် သဗ္ဗညုဘုရားကြီးမြောက်ဘက်အဝင်မုခ်ဦးအား ကြည့်ရှုစစ်ဆေးပြီးနောက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နံရံနှစ်ဖက်နှင့် ပေါင်းကူးအမိုးတို့ ပြိုကျပျက်စီးခဲ့သော ပုဂံမြို့သစ်ရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ၁၀၄၂ ဆင်ကအုတ်တိုက်ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here