နိုင်ငံတစ်ဝန်းမှ ရေဘေးသင့်ပြည်သူများ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ကမ္ဘောဇဘဏ်မှ ငွေကျပ် (၁၀) ဘီလီယံ မတည်လှူဒါန်း

0
38

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေကြီးရေလျှံဖြစ်ပွားလျက်ရှိသော ရေဘေးအန္တရာယ်သင့် နေရာဒေသ အသီးသီးမှ ပြည်သူများ၏ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက်
ကမ္ဘောဇဘဏ်မှ ငွေကျပ် (၁၀) ဘီလီယံ မတည်လှူဒါန်းကြောင်း ယနေ့ စက်တင်ဘာ(၁၆)ရက် နေ့လယ်ပိုင်း ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘောဇဘဏ်မှ ဘဏ်ခွဲပေါင်း (၁၀၀) ကို အရေးပေါ် ကူညီရန် ဌာနများအဖြစ် သတ်မှတ်၍ ဘဏ်ခွဲတစ်ခုလျှင် ကျပ်သိန်း(၁၀၀၀) ဖြင့် ကျပ်ငွေ (၁၀) ဘီလီယံ မတည်၍ ဘဏ်ခွဲအသီးသီးမှ အရာထမ်းဝန်ထမ်းများ၊ မြို့မိ/ မြို့ဖများ ပူးပေါင်း၍ တစ်နိုင်ငံလုံးရှိ ရေဘေးသင့် နေရာဒေသများတွင် အချိန်နှင့် တပြေးညီ ထိရောက်စွာ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

ရေဘေးသင့်ဒေသများမှ ပြည်သူများ၏ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ပထမဆင့်အဖြစ် ကယ်ဆယ်ရေး ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး ဒုတိယဆင့်အဖြစ် ပြန်လည်ထူထောင်ရေးအတွက်ကို အစီအစဉ်များ ရေးဆွဲလျက်ရှိကြောင်း ကမ္ဘောဇဘဏ်မှ သိရသည်။

နိုင်ငံတစ်ဝန်း ရေဘေးသင့်ဒေသများရှိ ပြည်သူများအတွက် စက်တင်ဘာ (၁၀) ရက်မှစတင်ပြီး အသင့်စားသုံးနိုင်သော အစားအသောက်များ၊ အသင့်စား စည်သွပ်ဘူး ငါးသေတ္တာနှင့် အသားဘူးများ၊ သောက်ရေသန့်ဘူးများ၊ BPI ဓာတ်ဆားထုပ်များနှင့် လိုအပ်သည့် ဆေးဝါးများ၊ အသင့်ချုပ်ပြီး ကျားဝတ်ပုဆိုး၊ မ,ဝတ်လုံချည်၊ အဝတ်အထည်များ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများ၊ ခြုံစောင်များကို ရေဘေးဒဏ်ပြင်းထန်မှု အဆိုးရွားဆုံး ခံစားနေရသည့် အောင်ပန်း၊ ကလော၊ ရွှေညောင်၊ ညောင်ရွှေနှင့် အင်းလေး၊ တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ် အစရှိသော နေရာ အသီးသီး အထိ ကားကြီးများဖြင့် အရောက် အမြန်ဆုံး ပေးပို့ဖြန့်ဝေလှူဒါန်းလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ချက်ပြုတ်စားသောက်ရန် ခက်ခဲသောမြို့ရွာများတွင်လည်း ထမင်းချက်စခန်းများကို မဏ္ဍပ်များထိုး၍ နံနက်စာ၊ နေ့လယ်စာ၊ ညစာများ ချက်ပြုတ်ပေးဝေခြင်း၊ ရေဘေးဒဏ်ခံရသော ကျေးရွာများအတွက်လည်း ၎င်းရွာနှင့် နီးစပ်သည့် ရေလွတ်သော ကျေးရွာများသို့ KBZ Pay မှတဆင့် ငွေလွှဲ၍ နံနက်စာ၊ နေ့လယ်စာ၊ ညစာများ ချက်ပြုတ်ပေးဝေလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝန်း ကမ္ဘောဇဘဏ်ဘဏ်ခွဲ အသီးသီးရှိ ဘဏ်ဝန်ထမ်းများမှလည်း ဘဏ်မှ လှူဒါန်းမှုများအတွက် ကိုယ်တိုင် လုပ်အားပေး ပါဝင်ဆောင်ရွက်နေသည့်အပြင် အဝတ်အထည်၊ ဆေးဝါး၊ ငွေကြေးအလှူဒါနတို့ကိုပါ တတ်အားသရွေ့ ပါဝင်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ကမ္ဘောဇဘဏ်အနေဖြင့် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သော တစ်နိုင်ငံလုံး ရေကြီးရေလျှံမှု ဖြစ်စဉ်တွင် ရရှိခဲ့သော ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အတွေ့အကြုံကောင်းများကို အခြေခံကာ ယခုရေကြီးရေလျှံမှု သဘာဝဘေးအန္တရယ် ကျရောက်ချိန်တွင်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထိရောက်စွာ ပံ့ပိုးကူညီနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here