မယ်ဆိုင်မြို့ ရေကြီးမှုဖြစ်စဉ်အတွင်း ထိုင်းမိသားစုကို ကယ်တင်ခဲ့သည့် မြန်မာလူငယ်တစ်စုကို ဟီးရိုးများအဖြစ် ထိုင်းသတင်းမီဒီယာများဖော်ပြ

0
143

ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့ရေကြီးမှုဖြစ်စဉ်အတွင်း ထိုင်းနိုင်ငံသားမိသားတစ်စုကို ကယ်တင်ခဲ့သည့် မြန်မာလူငယ်တစ်စုကို ဟီးရိုးများအဖြစ် ထိုင်းသတင်းမီဒီယာများဖော်ပြလျက်ရှိသည်ကြောင်း သိရသည်။

ထိုသို့မတိုင်မီ ယခုလ စက်တင်ဘာ (၁၃)ရက်က ထိုင်းမိသားစုကို ကူညီကယ်တင်ရန် သွားရောက်ခဲ့သည့် မြန်မာလူငယ်တစ်စုကို အခြားထိုင်းနိုင်ငံသားများက Video ရိုက်ကူးကာ ရေကြီးရေလျှံမှုအတွင်း လိုက်လံခိုးယူနေသူများ ဟုဆိုကာ လူမှုကွန်ရက်တွင် ရေးသားမျှဝေခဲ့ကြသည်။

အဆိုပါ Video ဖိုင်မှာ ထိုင်းနိုင်ငံအတွင်းရှိ ပျံ့နှံသွားသည့်အပြင် ထိုင်းနိုင်ငံမီဒီယာမှလည်း အချက်အလက်သေချာမသိဘဲဖော်ပြခဲ့ခြင်းကြောင့် အဆိုပါ လူငယ်တစ်စုမှာ ဝေဖန်ပြစ်တင်ခြင်းများခံခဲ့ကြရသည်။

သို့သော် မြန်မာလူငယ်တစ်စု၏ ကူညီကယ်တင်ခြင်းကို ခံခဲ့ရသည့် ကာယကံရှင် ထိုင်းနိုင်ငံသားအမျိုးသမီးတစ်ဦးက မြန်မာလူငယ်တစ်စုမှာ သူခိုးများမဟုတ်ဘဲ သူမတို့မိသားစုဝင်များ၏အသက်ကိုကယ်တင်ခဲ့သည့်အပြင် အစားအသောက်များကိုပါ ဝယ်ယူကျွေးမွေးခဲ့သူများဖြစ်သဖြင့် သူမတို့မိသားစုဝင်များ၏ ဟီးရိုးဖြစ်ကြောင်း လူမှုကွန်ယက်တွင် ထုတ်ဖော်ရေးသားခဲ့သည်။

ထို့ကြောင့် ဖြစ်စဉ်အပေါ် သေချာမသိရှိဘဲ လူမှုကွန်ရက်တွင် စတင်ရေးသားမျှဝေသူနှင့် သတင်းအချက်အလက်သေချာမသိရှိဘဲ ‌ထုတ်လွှင့်ဖော်ပြခဲ့သည့် သတင်းဌာနများအ‌နေဖြင့်မြန်မာလူငယ်များကို တောင်းပန်ရန် ထိုင်း လူမှုကွန်ယက် သုံးစွဲစုများအကြား အပြန်အလှန်ပြောဆိုနေမှုများရှိခဲ့ကြောင်းလည်း သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံသားမိသားစုကို ကူညီကယ်တင်ခဲ့သည့် အဆိုပါ မြန်မာလူငယ်တစ်ခုမှာ ထိုင်းလူမှုကွန်ယက်အသုံးပြုသူများအကြား ဟီးရိုး ဖြစ်နေကြောင်းနှင့် ကျေးဇူးတင်ဂုဏ်ယူကြောင်း သတင်းစကားများ အပြန်အလှန်ပြောဆိုနေသည်ဟု သိရသည်။

ဓာတ်ပုံ -လူမှုကွန်ယက်(Screen Grab)


LEAVE A REPLY

Please enter your comment!
Please enter your name here