အပူပိုင်း မုန်တိုင်း “ဆိုးလစ်ခ်” ၏ မုန်တိုင်းအကြွင်းအကျန်နှင့် လေပွေလှိုင်းများကြောင့် နိုင်ငံတစ်ဝန်းနေရာကွက် မိုးကြီးနိုင်

0
21

ဗီယက်နမ်နိုင်ငံကို ဖြတ်ကျော်ခဲ့သည့် အပူပိုင်းမုန်တိုင်း “ဆိုးလစ်ခ်”၏ မုန်တိုင်းအကြွင်းအကျန်များနှင့် လေပွေလှိုင်းများသည် နောက် (၂၄) နာရီအတွင်း၌ မြန်မာနိုင်ငံကို ဖြတ်ကျော်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီး ဌာနက အထူးသတင်းအဖြစ် ယနေ့ စက်တင်ဘာ (၂၀) ရက် မနက်ပိုင်းက ထုတ်ပြန်သည်။

ယင်း မုန်တိုင်းအကြွင်းအကျန်နှင့် လေပွေလှိုင်းများကြောင့် နိုင်ငံတစ်ဝန်းနေရာကွက် မိုးကြီးနိုင်ကာ အထူးသဖြင့် ယနေ့ စက်တင်ဘာ (၂၀) ရက် မနက်ပိုင်းမှ စက်တင်ဘာ (၂၅) ရက် အတွင်း နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ရခိုင်၊ ကယား၊ ကရင်၊ မွန် တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်သည်ဟု မိုး/ဇလက ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

ထိုပြင် မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်လည်း နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ နေရာကွက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်နိုင်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

ထိုကဲ့သို့ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း နှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်း ပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ကြရန်လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here