အင်းလေးဒေသတွင် ရေဘေးသင့်ပြည်သူများ ခိုလှုံနေသည့် ဘုန်းကြီးကျောင်းများ၌ လူပြည့် လူလျှံရှိနေပြီး အကူအညီ အထောက်ပံ့များ လိုအပ်နေ

0
19

ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေဘေးသင့်ပြည်သူများ ခိုလှုံနေသည့် ဘုန်းကြီးကျောင်းများတွင်လည်း လူပြည့်လူလျှံရှိနေပြီး အစားအသောက်နှင့် ဆေးဝါးအပါအဝင် လူ့အသုံးဆောင်ပစ္စည်း အကူအညီ အထောက်ပံ့များ လိုအပ်နေကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

အင်းလေးဒေသတွင် စက်တင်ဘာ (၆) ရက်မှ စတင်၍ ရေမှာ တဖြည်းဖြည်း ဝင်ရောက်နစ်မြုပ်ခဲ့ရခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ရေမှာ အဆမတန် မြင့်တက်လျက်ရှိရာ တစ်ထပ်အိမ်များ အိမ်ခေါင်မိုး အထိ နစ်မြုပ်နေပြီး နှစ်ထပ်အိမ်များတွင် နေအိမ်အောက်ထပ် ရေနစ်မြုပ်နေရာ နီးစပ်ရာ အမြင့်ပိုင်းရှိ ဘုန်းကြီးကျောင်းများတွင် ယာယီပြောင်းရွှေ့ခိုလှုံနေရကြောင်း အင်းလေးဒေသမှ ရေဘေးသင့်ပြည်သူများကို ကူညီပေးနေသူအချို့ထံမှ သိရသည်။

လက်ရှိတွင် ရေဘေးသင့်များ ခိုလှုံနေရာသည့် မင်းကျောင်း ကျောင်းတိုက်အပြည့်၊ မင်းကျောင်းစာသင်ကျောင်းအပြည့်၊ နွားမတောင်ရွာဘုန်းကြီးကျောင်းအပြည့်၊ ကြေးစားကျောင်းအပြည့်၊ ကျွန်းကြီးရွာဦးစေတီအပြည့်၊ ပျားပင်ကျောင်းအပြည့် ခိုလှုံနေကြကြောင်း သိရသည်။

“အဲလိုနေရာတွေမှာ မီးမရှိ ဖုန်းလိုင်းမရှိ အင်တာနက်မရှိ ရေမြုပ်ပီး ခိုလှုံနေရပါတယ်။ စားစရာလည်း တောင့်မခံနိုင်တော့သလို ထင်းတွေလည်း မရှိပါဘူး။ ပရဟိတသမားများ မြင်ပါက အဲဒီလို နေရာကို တတ်နိုင်သလောက်သွားရောက်ကူညီပေးစေချင်ပါတယ်”ဟု လူမှုရေးလုပ်ကိုင်သူ တစ်ဦးက ဆိုထားသည်။

ထို့ပြင် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြိုနယ် ၊ အင်းလေးဒေသရှိ ကျေးရွာ (၁၇၁) ရွာမှာ စက်တင်ဘာ (၁၁)ရက်မှ စတင်၍ ရေနစ်မြုပ်၊ ရေကြီး၊ ရေလျှံမှုနှင့် ရင်ဆိုင်နေရခြင်းဖြစ်ကာ ရေပြန်လည် ကျဆင်းချိန် လနှင့်ချီ ကြာမြင့်မည်ကိုလည်း ဒေသခံမှားမှ စိုးရိမ်နေကြပြီး လျှပ်စစ်မီး၊ ဖုန်းလိုင်းနှင့် အင်တာနက် မရရှိခြင်း အစရှိသည့် အခက်ခဲများကြောင့် ချက်ပြုတ်စားသောက်ရန် ခက်ခဲလျက်ရှိရာ စားစရာ၊ သောက်သုံးရေ၊ အခြေခံဆေးဝါး၊ အမျိုးသမီးလစဉ်သုံး စသည်များ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

ယင်းအပြင် တောင်ပေါ်မြို့ဖြစ်သည့် ရှမ်းပြည်နယ် တောင်ပိုင်း ကလောမြို့တွင်လည်း ရေကြီး၊ ရေလျှံမှု ဆိုးရွားစွာ ကြုံတွေ့ခဲ့ရပြီး အသက်ဆုံးရှုံးသူများနှင့် ပျောက်ဆုံးသူများ ရှိနေသေးကြောင်း သိရသည်။

ယာဂီမုန်တိုင်းအရှိန်ကြောင့် စက်တင်ဘာ(၁၀)ရက်မှ စတင် ၍ နိုင်ငံတစ်ဝန်း ရေကြီးမှုများ ကြုံတွေ့ခဲ့ရကာ စက်တင်ဘာ (၁၉) ရက်အထိ ပြည်သူ (၂၉၃) ဦး အသက်ဆုံးရှုံးခဲ့ရပြီး (၈၉)ဦး ပျောက်ဆုံးလျက်ရှိကာ တိရစ္ဆာန်မျိုးစုံ အကောင်ရေ စုစုပေါင်း (၁၂၉,၀၀၀) ကျော် ‌ေ-သဆုံးခဲ့ပြီး စပါးနှင့် သီးနှံမျိုးစုံ စိုက်ဧကပေါင်း (၇၆၆,၅၀၀) ဧက ရေဝင်နစ်မြုပ်ပျက် စီးခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန် ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here