ကလောမြို့ပေါ် ရပ်ကွက်(၆)ခုမှ လူဦးရေ (၄၄၀၀)ကျော်အတွက် အလှည့်ကျစနစ်ဖြင့် သောက်သုံးရေများ ပြန်လည် ဖြန့်ဝေပေးနိုင်

0
26

ရေကြီး ရေလျှံမှုနှင့် ဆိုးရွားစွာ ရင်ဆိုင်ခဲ့ရသည့် ရှမ်းပြည်နယ် တောင်ပိုင်းရှိ တောင်ပေါ်ဒေသ ကလောမြို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိရာကလောမြို့ပေါ်ရပ်ကွက်(၆)ခုမှ အိမ်ခြေ (၈၈၃)လုံး၊ လူဦးရေ (၄၄၁၅)ဦးအတွက် အလှည့်ကျစနစ်ဖြင့် သောက်သုံးရေများ ပြန်လည် ဖြန့်ဝေပေးနိုင်ပြီဖြစ်ကြောင်း ကလောမြို့နယ် စည်ပင်သာယာရေးဌာနမှ သိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီးဆင်းမှုကြောင့် စက်တင်ဘာ (၁၀) ရက်‎မှ (၁၂) ရက်အထိ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

အဆိုပါ ရေကြီးရေလျှံမှုကြောင့် ကလောမြို့နယ် စည်ပင်သာယာရေးဌာနမှ မြို့သောက်သုံးရေဖြန့်ဝေပေးသော အင်းပြင်ရေထွက်မှ ရေပေးဝေရေးလုပ်ငန်းများ ထိခိုက်ပျက်စီးခဲ့ရာ မြို့နေပြည်သူများထံ သောက်သုံးရေ ပြန်လည်ဖြန့်ဝေပေးနိုင်ရေး ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနနှင့် ကလောမြို့နယ်စည်ပင်သာယာရေးဌာနတို့မှ အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ရေရရှိရေး ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ(၂၀) ရက်မှ စတင်၍ အင်းပြင်ရေထွက်မှ ကလောမြို့ပေါ် ရပ်ကွက် (၆)ခု၊ အိမ်ခြေ (၈၈၃)လုံး၊ လူဦးရေ (၄၄၁၅)ဦးတိုအတွက် အလှည့်ကျစနစ်ဖြင့် သောက်သုံးရေများ ပြန်လည် ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။

ကလောမြို့မှ ကျန်ရှိသည့် ရပ်ကွက်များရှိ နေပြည်သူများအား သောက်သုံးရေ ပြန်လည်ဖြန့်ဝေပေးနိုင်ရေး အမြန်ဆုံး ဆောင်ရွက်လျက်ရှိကြောင်း ကလောမြို့နယ် စည်ပင်သာယာရေးဌာန တာဝန်ရှိသူက ဆိုသည်။

မြို့ပေါ်ရပ်ကွက်များ သောက်သုံးရေရရှိရေး ရေပေးဝေနေမှုအား ကလောတပ်နယ်မှူး၊ ခရိုင်/ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကလောမြို့အတွင်း ရေပြန်ကျပြီး ရွှံ့နွံနုန်းများ ရှင်းလင်းလျက်ရှိရာ လူအင်အား၊ငွေအင်အား လိုအပ်နေကြောင်း သိရသည်။

ထို့ပြင် ကလောမြို့ရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကျောင်းများတွင် စက်ယန္တရားများနှင့် စုပေါင်းအင်အားတို့ဖြင့် ရွံ့နွံအမှိုက်များ ဆည်ယူခြင်း၊ စာသင်ခန်းများ၊ စာသင်ခုံများ၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး စာသင်ခန်းများအား ပိုးသတ်ဆေးဖျန်းခြင်း၊ ရေကန်များတွင် အဘိတ်ဆေး ခပ်ပေးခြင်း၊ အိမ်သာများကို သန့်ရှင်းရေးလုပ်ဆောင်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here