မြန်မာ့လက်ရွေးစင်အသင်း ပဏာမလူစာရင်းတွင် တိုက်စစ်မှူး အောင်သူနှင့် အောင်ကောင်းမာန်တို့ မပါဝင်

0
19

နိုင်ငံတကာခြေစမ်းပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအတွက် ကစားသမားများရွေးချယ်ခဲ့ရာ ၊ ပဏာမ လူစာရင်းအတွင်း တိုက်စစ်မှူး အောင်သူနှင့် အောင်ကောင်းမာန်တို့ မပါဝင်သည်ကို တွေ့ရသည်။

မြန်မာ့လက်ရွေးစင်အသင်း၏ နည်းပြသစ်ဖြစ်သည့် ဦးမျိုးလှိုင်ဝင်းက ကစားသမား ရွေးချယ်မှုအတွင်း ပြည်ပသို့ ထွက်ခွာကစားနေသော လက်ရွေးစင်ကစားသမားများအနက် အောင်သူနှင့်အောင်ကောင်းမာန် မှအပ မောင်မောင်လွင်၊ သန်းပိုင်၊ လွင်မိုးအောင်၊ ဝင်းနိုင်ထွန်း၊ စိုးမိုးကျော်၊ ဟိန်းထက်အောင်၊ ကျော်မင်းဦးစသည့် ကစားသမားများ ပါဝင်လာသည်ကို တွေ့ရသည်။

ထို့အပြင် မြန်မာနေရှင်နယ်လိဂ်-၂ကလပ် University FC ကစားသမား ဇော်ဇော်ထိုက်ကို ရွေးချယ်ထားသည်ကိုလည်း ကစားသမားစာရင်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။

မြန်မာ့လက်ရွေးစင်အသင်း ပဏမကစားသမား စာရင်း၌ မပါဝင်သည့် အောင်သူသည် ထိုင်းလိဂ် အသင်းတစ်သင်းဖြစ်သည့် ဥထိုင်းဌာနီအသင်းတွင် ကစားနေခြင်းဖြစ်ပြီး၊ အောင်ကောင်းမာန်မှာ မလေးရှားကလပ် ကီလန်တန်အသင်းတွင် ကစားနေကြခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာ့လက်ရွေးစင်အသင်းအား လေ့ကျင့်မှုများ ပြုလုပ်ရန် ပဏာမ ကစားသမား (၃၉)ဦး ရွေးချယ်ထားပြီး၊ အဆိုပါ ကစားသမားများအနေဖြင့် ယခုလ စက်တင်ဘာ (၂၄) ရက်မှစတင်၍ စလေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ပြီး ခြေစမ်းပွဲများအတွက် အပြီးသတ်ကစားသမားများကို ဆက်လက်ရွေးချယ်မည်ဖြစ်ကြောင်း MFF အသိပေးထားသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် လာမည့် အောက်တိုဘာ (၁၀) ရက်နှင့် (၁၃) ရက်တို့တွင် သီရိလင်္ကာ လက်ရွေးစင် အသင်းနှင့် ရန်ကုန်မြို့တွင် ခြေစမ်းပွဲယှဉ်ပြိုင် ကစားမည်ဖြစ်ပြီး နိုဝင်ဘာလအတွင်း စင်ကာပူ၊ လက်ဘနွန် အသင်းများနှင့်လည်း အဝေးကွင်းတွင် သွားရောက်၍ ခြေစမ်းပွဲများကစားရန် စီစဉ်ထားကြောင်း သိရသည်။

သီရိလင်္ကာ လက်ရွေးစင်အသင်းသည် ဂျာမနီ၊ ဩစတြေးလျ၊ နော်‌ဝေ၊ အိုင်ယာလန်၊ အိုက်စလန်၊ ပြင်သစ်၊ ဆွီဒင်၊ ကင်ညာ၊ ဟောင်ကောင်၊ မော်လဒိုက်စ်ကလပ်များတွင် ကစားနေသည့် နိုင်ငံသားအဖြစ် ခံယူထားသော ကစားသမားများ ပါဝင်ကစားနေပြီး ၂၀၂၇ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲတွင် ကမ္ဘောဒီးယားကို အနိုင်ယူကာ နောက်တစ်ဆင့် တက်ရောက်ထားသော အသင်းဖြစ်သည်ဟု MFF၏ အသိပေးချက်တွင် ပါရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here