နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ဆက်သွယ်ရေးစနစ်များ ပြန်လည်ကောင်းမွန်စေရေး စက်ပစ္စည်းများနှင့် မြေစိုက် ကြိုးစနစ်များကို စစ်ဆေးလုပ်ဆောင်နေ

0
15

ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီအတွင်းရှိ ဆက်သွယ်ရေးစနစ်များ ပြန်လည် ကောင်းမွန်စေရေး စက်ပစ္စည်းများကို စနစ်တကျ သန့်ရှင်းရေးလုပ်ဆောင်ပြီး စစ်ဆေး၍ ပြန်လည်တပ်ဆင်အသုံးပြုရန်နှင့် မြေစိုက်ကြိုးစနစ်များကို စစ်ဆေးရန် ပို့ဆောင်‌ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလူမွန် က မှာကြားသည်။

တိုင်ဖွန်းမုန်တိုင်း ယာဂီအရှိန်ဖြင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရုတ်တရက်ရေကြီးခဲ့မှုများကြောင့် နေပြည်တော်အတွင်း ဆက်သွယ်ရေးစနစ် ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်။

ထိုသို့ ဆက်သွယ်ရေးစနစ်များပြတ်တောက်မှုနှင့် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ပို့ဆောင်‌ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလူမွန် က စက်တင်ဘာ (၂၁)ရက်တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးစဉ် မှာကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီးသည် ပျဉ်းမနားမြို့ရှောင်လမ်းတစ်လျှောက်နှင့် ပျဉ်းမနားသကြားစက်လမ်းတို့တွင် ပျက်စီးသွားသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တယ်လီဖုန်းတိုင်နှင့် ကေဘယ်ကြိုးများ ပြန်လည်ပြုပြင်ဆောင်ရွက်မှု အခြေအနေများ၊ သကြားစက်အနီးရှိ မိုဘိုင်းစခန်းနှင့် ဘောဂသီရိ ကားကြီးကွင်းအတွင်းရှိ မိုဘိုင်းစခန်းများ ရေကြီးနစ်မြုပ်ခဲ့မှု အခြေအနေများ၊ အစားထိုး ပြုပြင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် ၂၄၅ မိုင် ၇ ဖာလုံရှိ နဝင်းချောင်းတံတား (အဆုံတံတား) တွင် ပြတ်တောက်သွားသည့် ဖိုင်ဘာကေဘယ်လ်များ ယာယီအစားထိုးပြုပြင်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တံတားပြုပြင်ပြီးပါက ရေရှည်ခိုင်ခံ့ကောင်းမွန်စွာ အသုံးပြုနိုင်ရေး ပုံမှန်သွယ်တန်းမှုများ ဆက်လက်ဆောင်ရွက်သွားရန် ထပ်မံမှာကြားခဲ့သည်။

ထို့နောက် ကင်းသာလမ်းခွဲမှတစ်ဆင့် တပ်ကုန်း – ပင်လောင်း လမ်းတလျှောက် သွယ်တန်းထားသည့် ဖိုင်ဘာကေဘယ်လ်များ ဇေယျာသီရိမြို့နယ်၊ သိုက်ချောင်းလမ်းဆုံရှိ တံတားတွင် ပြတ်တောက်သွားသည့် ဖိုင်ဘာကေဘယ်လ်များအား အစားထိုးသွယ်တန်းနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကေဘယ်လ်ကြိုးများ သပ်ရပ်ခိုင်မာစွာ သွယ်တန်းဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

နိုင်ငံတဝှမ်း ရေကြီးရေလျှံမှုကြောင့် လျှပ်စစ်မီးတိုင် (၂၄၈၉)ခု၊ ဆက်သွယ်ရေးတာဝါတိုင် (၉၉) ခု အထိ ထိခိုက်ပျက်စီးခဲ့ရကြောင်း စက်တင်ဘာ (၂၁) ရက် နံနက်ပိုင်းက ရရှိသည့် စာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here