ညောင်ရွှေ အင်းလေးဒေသရှိ ရေဘေးသင့် ကျေးရွာ(၄)ရွာသို့ ဝေဠုဝန်ဆရာတော်ဦးဆောင်၍ စားနပ်ရိက္ခာများ ကူညီထောက်ပံ့

0
18

ညောင်ရွှေ အင်းလေးဒေသရှိ ရေဘေးသင့်ကျေးရွာများအနက် ကျေးရွာ(၄)ရွာဖြစ်သည့် နမ့်ဟူးရွာ၊ တောင်ပို့နီရွာ၊ စန့်ခမ်းရွာ၊ ကျိုင်းခမ်းမြောက်ရွာ ဒေသခံ ရေဘေးသင့်ပြည်သူများထံသို့ ဝေဠုဝန်ဆရာတော်ဦးဆောင်သည့် အဖွဲ့များက ယမန်နေ့ စက်တင်ဘာ (၂၁)ရက်၌ စားနပ်ရိက္ခာများ သွားရောက်ကူညီထောက်ပံ့လျက်ရှိကြောင်း သိရသည်။

ထို့အတူ ယနေ့ စက်တင်ဘာ (၂၂)ရက်တွင်လည်း ပုံးအင်းဒေသ ရေဘေးသင့်ပြည်သူများအား ထပ်မံ၍ သွားရောက်ထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။

ထောက်ပံ့ကူညီရာ၌ တစ်အိမ်ထောင်စုလျှင် စားနပ်ရိက္ခာအပြင် အခြားအသုံးအဆောင်ပစ္စည်း (၁၇) မျိုးပါရှိသည့် အိတ် (၃၁၇)အိတ် အား ထောက်ပံ့ကူညီပေးခဲ့ကြောင်း သိရသည်။

“အင်းလေဒေသက အခြားနေရာတွေလို ရေဝင်ပြီး ချက်ချင်းပြန်ကျတာမျိုးမဟုတ်ဘူး။ ဖြည်းဖြည်းချင်းကျတာ လနဲ့ချီတယ်။ ဒါကြောင့် ရေဘေးသင့်ပြည်သူတွေအတွက် ရှမ်းတောင်က ဝေဠုဝန်ကျောင်း ဆရာတော်ဦးဆောင်ပြီး ပူးပေါင်းလှူဒါန်းတာပါ။ လိုအပ်ချက်တွေကတော့ ရှိနေဆဲပါ”ဟု တောင်ကြီး လူမှုကူညီရေးအသင်းတာဝန်ခံ တစ်ဦးက ပြောသည်။

ယင်းသို့ ထောက်ပံ့လှူဒါန်းရာတွင် RCSS/SSA တောင်ကြီးဆက်ဆံရေးရုံး တာဝန်ခံနှင့်အဖွဲ့ဝင်များအပါအဝင် လွိုင်ကော် ဗုဗ္ဗာရုံကျောင်းဆရာတော်၊ ရှမ်းပြည်ဗုဒ္ဓတက္ကသိုလ်မှ သံဃာတော်များ၊ တောင်ကြီး သျှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ လွယ်လုံပရဟိတကျောင်းမှ အဖွဲ့ဝင်များ၊ တောင်ကြီးရှမ်းလူငယ်များနှင့်ဒေသခံလူမှုကူညီရေး အသင်းအဖွဲ့များပူး‌ပေါင်းကာ သွားရောက်ကူညီထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here