မာ့စ်ဝါဒယိမ်းသူ ဒစ်စနာယာကေး သီရိလင်္ကာသမ္မတဖြစ်လာ

0
23

ကျွန်းနိုင်ငံ သမ္မတ ရွေးကောက်ပွဲတွင် အန်နူရာ ကူမာရာ ဒစ်စနေယာကေး အနိုင်ရခဲ့သည်ဟု သီရိလင်္ကာရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သည်။

ပြည်သူ့တော်လှန်ရေးတပ်ဦး(JVP) နှင့် အမျိုးသားလူထုအင်အား(NPP) ညွှန့်ပေါင်းအဖွဲ့ ခေါင်းဆောင်ဖြစ်သူ အသက် ၅၅ နှစ်အရွယ် မာ့စ်ဝါဒယိမ်းသူသည် ရွေးကောက်ပွဲတွင် မဲအရေအတွက် ၄၂ ဒဿမ ၃၁ ရာခိုင်နှုန်း ရရှိခဲ့သည်ဟု ကော်မရှင်က တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သည်။

စနေနေ့က ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲတွင် အတိုက်အခံခေါင်းဆောင် ဆာဂျစ် ပရမ်မာဒါဆာက မဲအရေအတွက် ၃၂ ဒဿမ ၇၆ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။

၂၀၂၂ ခုနှစ် စီးပွားရေးပြိုလဲကာလတွင် ရာထူးရယူခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) ၏ ချေးငွေဆိုင်ရာ မူဝါဒအရ တိုင်းပြည်ကို ချိုးခြံချွေတာရေးမူဖြင့် တင်းတင်းကျပ်ကျပ် အုပ်ချုပ်ခဲ့သော ရာထူးနုတ်ထွက်တော့မည့် သမ္မတ ရာနေးလ် ဝစ်ကရီမီဆင်းမှာမူ မဲအရေအတွက် ၁၇ ဒဿမ ၂၇ ရာခိုင်နှုန်းဖြင့် တတိယနေရာသာရခဲ့သည်။

သီရိလင်္ကာနိုင်ငံသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ထိပ်ဆုံး သမ္မတလောင်းနှစ်ဦးသည် မဲ ၅၀ ရာခိုင်နှုန်းသတ်မှတ်ချက်ကို မရရှိခဲ့သောကြောင့် ဒုတိယအကျော့ ရေတွက်မှုဖြင့် သမ္မတရွေးကောက်ပွဲကို ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများ၏ အဆိုအရ ရွေးကောက်ခံသမ္မတ ဒစ်စနာယာကေးသည် တနင်္လာနေ့တွင် ကိုလံဘိုမြို့ရှိ ကိုလိုနီခေတ် သမ္မတရုံးတွင် ကျမ်းကျိန်ဆိုရန် မျှော်မှန်းထားကြောင်း သိရသည်။

Ref: အယ်ဂျာဇီးယား


LEAVE A REPLY

Please enter your comment!
Please enter your name here