မုံရွာမြို့ အမှတ်(၂) အထက်တန်းကျောင်း(အလုံ) မီးလောင်မှုဖြစ်ပွား

0
22

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း(အလုံ)တွင်စက်တင်ဘာလ (၂၄) ရက်၊ နံနက်ပိုင်းက ကျောင်းခန်းမ၊ ရုံးခန်းနှင့် စာသင်ခန်း (၃) ခန်း မီးလောင်မှု ဖြစ်ပွားကြောင်းသိရသည်။

ယမန်နေ့ နံနက် (၅) နာရီ ကျော်အချိန်ခန့်က လျှပ်စစ်ဝါယာလျော့ ဖြစ်ရာမှ ကျောင်းခန်းမ၊ ရုံးခန်း နှင့်စာသင်ခန်း (၃) ခန်း မီးလောင်မှုဖြစ်ပွားခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနရုံးနှင့် မုံရွာခရိုင်၊ မုံရွာမြို့နယ် မီးသတ်စခန်းများမှ မီးငြိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက်(၆) နာရီ မိနစ် (၄၀)တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများနှင့် တွေ့ဆုံရာ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တိုင်းဒေသကြီး ပညာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က မီးလောင်မှုဖြစ်ပွားမှု အခြေအနေများနှင့် ဆုံးရှုံးမှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ်က မီးလောင်ဆုံးရှုံးသွားသည့် ကျောင်းခန်းမ၊ ရုံးခန်းနှင့် စာသင်ခန်းများ အချိန်မီပြန်လည်တည်ဆောက်ရေး၊ ကျောင်းနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများ၊ စာသင်ခုံများ၊ ပရိဘောဂပစ္စည်းများနှင့် သင်ထောက်ကူပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများအား တာဝန်ရှိသူများနှင့်ပူးပေါင်း၍ အမြန်ပြန်လည်ဖြည့်တင်းရေး၊ ဆရာ/ဆရာမများအနေဖြင့် ကျောင်းသား/သူများအတွက် သင်ကြားရေး လုပ်ငန်းများအား ရပ်နားမှုမရှိစေရန် ဆက်လက်သင်ကြားရေးများ ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here