လင်းခေးခရိုင်အတွင်း ထိခိုက်ပျက်စီးခဲ့သည့် လမ်း၊ တံတား၊ အဆောက်အဦများကို ပြန်လည်ထူထောင်ရေး လုပ်ငန်းများအဖြစ် ပြုပြင်နေ

0
10

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်အတွင်းရှိ မိုင်းပန် -တာဆန်း-မိုင်းတုံသွားကားလမ်းပျက်စီးမှုများနှင့် ဝမ်ထမ်ရွာနှင့် မိုင်းဟောင်းကျေးရွာအနီး လျှပ်စစ်မီးတိုင်များ ပြိုလဲခဲ့မှုများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အဖြစ် ဌာနဆိုင်ရာတာဝန်ရှိသူများမှ အမြန်ဆုံး ပြုပြင်လျက်ရှိကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

လင်းခေးခရိုင်အတွင်း စက်တင်ဘာ (၁၀)ရက်မှ စတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် အမြင့်ဆုံးရေအမှတ် (၂၂)ပေ ကျော်လွန်ပြီး (၂၆) ပေကျော်အထိ ရောက်ရှိခဲ့ကာ ရေဘေးအန္တရာယ်ဖြင့် ကြုံတွေခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် လင်းခေးခရိုင်၊ မိုင်းပန်-တာဆန်း-မိုင်းတုံသွားကားလမ်း မိုင်တိုင်အမှတ် 172/KM မှ 184.27/KM လမ်းပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး တောင်မြေများပြိုခြင်း၊ သစ်ပင်ဝါးပင်များပြိုကျခြင်း၊ လမ်းပခုံးသားများပဲ့ကျ ပျက်စီးသွားခြင်း၊ ဝမ်ထမ်ရွာနှင့် မိုင်းဟောင်းကျေးရွာအနီး လျှပ်စစ်မီးတိုင်များ ပြိုလဲခဲ့ရကြောင်း သိရသည်။

အဆိုပါ ထိခိုက်ပျက်စီးခဲ့သည့် လမ်း၊ တံတား၊ အဆောက်အဦများနှင့် အများပြည်သူဆိုင်ရာနေရာများကို အမြန်ဆုံး ပြန်လည်ပြင်ဆင်နေပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စရပ်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အကောင်အထည်ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လင်းခေးမြို့နယ်၊ ဒါးဆိပ်ကျေးရွာအုပ်စု၊ နမ့်အွန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း ပြန်လည် ဖွင့်လှစ်နိုင်ရေး၊ ရေဘေးသင့်ခံခဲ့ရမှုအခြေအနေကြောင့် နှုန်းများတင်ကျန်ခဲ့ရာ ကျောင်းသန့်ရှင်းရေးများလည်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရေဘေး အန္တရာယ်ကြုံတွေ့ရသည့် ဒေသအသီးသီးသို့ အကူအညီနှင့် ရိက္ခာများ အမြန်ဆုံး ပို့ဆောင်နိုင်ရေး၊ ပြည်သူများ အသက်အန္တရာယ်ထိခိုက်မှု မရှိစေရေး ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအတွက် ရန်ပုံငွေနှင့် အစီအမံများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here