BRICS ထိပ်သီးအစည်းအဝေးတွင် အီရန်သမ္မတက ပူတင်နှင့်တွေ့မည်

0
12

မော်စကို၊စက်တင်ဘာ ၂၅

အီရန်သမ္မတ မာဆူပါဇက်ရှကန်သည် လာမည့်လ၌ကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေးသို့ လာရောက်မည်ဖြစ်ကာ အဆိုပါခရီးစဉ်အတွင်း ရုရှားသမ္မတပူတင်နှင့်လည်း တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း အီရန်အစိုးရ၏ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးကပြောကြားခဲ့သည်။

အောက်တိုဘာ ၂၂ မှ ၂၄ အထိ တာတာစတန်၌ကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေးသို့ လာရောက်ပါဝင်ဆွေးနွေးမည့် အီရန်သမ္မတ၏ ရုရှားခရီးစဉ်သည် အီရန်သမ္မတအဖြစ်တာဝန်ယူဆောင်ရွက်ပြီးကတည်းက ရုရှားသို့ပထမဆုံးခရီးစဉ်လည်းဖြစ်သည်။

“သမ္မတက ရုရှားကိုသွားပြီး BRICS ထိပ်သီးအစည်းအဝေးကို ပါဝင်ဆွေးနွေးသွားမှာပါ၊အဲ့ဒါပြီးရင်တော့ ရုရှားသမ္မတနဲ့ နှစ်နိုင်ငံချင်းတွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပါတယ်” ဟု အီရန်အစိုးရပြောရေးဆိုခွင့်ရှိသူက မီဒီယာများကို ပြောကြားခဲ့သည်။

အနောက်အုပ်စုများ၏ ပိတ်ဆို့ဒဏ်ခတ်မှုများခံထားရသည့် ရုရှားနှင့်အီရန်နှစ်နိုင်ငံလုံးသည် ပိတ်ဆို့ခံထားရသည့်အတွက်လည်း နှစ်နိုင်ငံအကြားဆက်ဆံရေးပိုမိုတိုးတက်စေရန် တွန်းအားဖြစ်လာစေခဲ့ပြီး စစ်ရေးအရပူးပေါင်းဆောင်ရွက်မှုများပါတိုးတက်လာခဲ့သည်။

အနောက်အုပ်စုက အီရန်သည် ယူကရိန်းစစ်၌အသုံးပြုရန်အတွက် ရုရှားကို ဒုံးကျည်များထောက်ပံ့နေသည်ဟူသောစွပ်စွဲချက်ဖြင့် အီရန်၏လေကြောင်းကဏ္ဍကို အဓိကထားပိတ်ဆို့အရေးယူခဲ့ပြီး ေတရန်ကမူ အဆိုပါအချက်ကိုငြင်းဆိုကာ ပိတ်ဆို့ဒဏ်ခတ်မှုများသည် မအောင်မြင်သောလက်နက်များသာဖြစ်သည်ဟု ပြန်လည်ပြောကြားခဲ့သည်။

Source : သည်မော်စကိုတိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here