တောင်ကြီး၊ ကလောနှင့် အောင်ပန်းမြို့တို့တွင် ကျပ်သိန်း (၂၁၀၀) ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဆက်တိုက် ဖမ်းဆီးရမိ

0
17

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီး၊ ကလောနှင့် အောင်ပန်းမြို့တို့တွင် ကျပ်သိန်း (၂၁၂၀) တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများနှင့် စိတ်ကြွရူးသွပ်ဆေးပြား ဆက်တိုက် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

တောင်ကြီးမြို့၊ အေးသာယာရပ်ကွက်ရှိ ကားဂိတ်တွင် စက်တင်ဘာ(၂၁) ရက်၊ ညနေ (၅)နာရီ (၅၀)မိနစ်အချိန် က မော်တော်ဆိုင်ကယ်နှင့် ပါဆယ်ပစ္စည်း လာရောက်ထုတ်ယူသူ မျိုးကျော် အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ သက်သေများနှင့်အတူ စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

၎င်းထုတ်ယူသည့် စက္ကူဂျပ်ဖာအတွင်းမှ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၁.၇၅ ကီလို (ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၉၂၅ သိန်း)နှင့် လက်ကိုင်ဖုန်း (၁) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

၎င်းကို ကွင်းဆက်ဖော်ထုတ်ချက်အရ အဆိုပါ စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်း ပါဝင်သူ မောင်မောင်နေမိုး(ခ)မောင်မောင် အား စက်တင်ဘာ(၂၂) ရက်၊ နေ့လယ် (၂)နာရီအချိန် အောင်ပန်းမြို့၊ မင်္ဂလာကန်အနီးတွင် LIGHT TRUCK အမျိုးအစား မော်တော်ယာဉ် (၁) စီး၊ လက်ကိုင်ဖုန်း (၁) လုံးတို့နှင့် အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မျိုးကျော်(၂၁)နှစ်နှင့် မောင်မောင်နေမိုး(ခ)မောင်မောင်(၅၅)နှစ်တို့အား အေးသာယာနယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာ(၂၃) ရက်၊ ညနေ (၅)နာရီ (၅၀)မိနစ်အ ချိန်က ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ရပ်ကွက်(၃)၊ အေးမြင့်သာယာရပ်နေ ကျော်ဟိုက် ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၉,၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၉၅ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလားတူ စက်တင်ဘာ(၂၄) ရက်၊ နံနက် (၁၀)နာရီအချိန်က ကလောမြို့နယ်၊ လွယ်ဟက်ကျေးရွာအနီးတွင် မောင်ဝင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ် ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၀၀)အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် စပ်လျဉ်း၍ ကျော်ဟိုက်(၅၁)နှစ် နှင့် မောင်ဝင်း (၄၄) နှစ်တို့အား အောင်ပန်းနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here