မင်းဘူးမြို့နယ် ဧရာဝတီမြစ်ကမ်းနားတစ်လျှောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လူထုလှုပ်ရှားမှု အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်

0
31

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု)မြို့နယ် ထောက်ရှာပင်ဆိပ်ကမ်း ဧရာဝတီမြစ်ကမ်းနား တစ်လျှောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လူထုလှုပ်ရှားမှု အသိပညာပေးခြင်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ လုပ်ဆောင်ရာတွင် ဧရာဝတီမြစ်ကမ်းနား တလျှောက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လူထုလှုပ်ရှားမှု အသိပညာပေးလုပ်ငန်းအဖြစ် ပလတ်စတစ်နှင့် အခြားအမှိုက်များ စွန့်ပစ်ခြင်း ကင်းဝေးစေရေး၊ အဏ္ဏဝါအမှိုက်သရိုက် ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေး ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က စက်တင်ဘာ (၂၅) ရက်၊ နံနက် (၉) နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်ချက်အရ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ (၂၅)ရက် နံနက်ပိုင်း၌ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က “ပင်လယ်သမုဒ္ဒရာနှင့် မြစ်များအတွင်း ပလတ်စတစ်နှင့် အခြားအမှိုက်များ မစွန့်ပစ်ခြင်းဖြင့် အဏ္ဏဝါ အမှိုက်သရိုက်ညစ်ညမ်းမှု မဖြစ်ပေါ်စေရေး ဝိုင်းဝန်းထိန်းသိမ်းကြပါစို့” ဆောင်ပုဒ်နှင့်အညီ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မင်းဘူးမြို့နယ် ထောက်ရှာပင် ဆိပ်ကမ်းရှိ ရေယာဉ်များပေါ်တွင် အသိပညာပေး ဗီနိုင်းပိုစတာများ ကပ်ခြင်း၊ ဧရာတီမြစ်ကမ်းဘေးတစ်လျှောက် သန့်ရှင်းသာယာလှပစေရေး စုပေါင်းအမှိုက်ကောက်ခြင်း၊ ဆိပ်ကမ်းအနီးရှိ စားသောက်ဆိုင်များတွင် အသိပညာပေး ပိုစတာများကပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ လူစည်ကားရာနေရာများတွင် စနစ်တကျ အမှိုက်စွန့်ပစ်နိုင်ရေး အမှိုက်ပုံးထားရှိပေးခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပင်လယ်သမုဒ္ဒရာနှင့် မြစ်ချောင်းများအတွင်း ပလတ်စတစ်နှင့် အခြားအမှိုက်များ စွန့်ပစ်ခြင်း ကင်းဝေးစေရန်နှင့် အဏ္ဏဝါအမှိုက်သရိုက်ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေး ဌာနဆိုင်ရာများ စုပေါင်း အမှိုက်ကောက်ခြင်းနှင့် လူထုအသိ ပညာပေးခြင်း လုပ်ငန်းများကို လစဉ်လတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မင်းဘူးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here