ရခိုင်ကမ်းရိုးတန်း ကျောက်ဖြူမြို့နယ်တွင် ကမ်းရိုးတန်းသွားစက်လှေဖြင့် သယ်ဆောင်လာသည့် ငွေကျပ် (၂) ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

0
10

ရခိုင်ကမ်းရိုးတန်း ကျောက်ဖြူမြို့နယ်တွင် ကမ်းရိုးတန်းသွားစက်လှေဖြင့် သယ်ဆောင်လာသည့် ငွေကျပ် (၂) ဒသမ (၂) ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၄) ဒသမ (၇၈) သိန်း ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ (၂၃) ရက်၊ နံနက် (၄) နာရီအချိန်က ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ရခိုင်ကမ်းရိုးတန်းတွင် ကမ်းရိုးတန်းသွားစက်လှေပေါ်ပါ မြလွင်၊ မင်းမင်းစိုး၊ သန့်ဇင်နိုင်နှင့် နိုင်လင်းထွန်းတို့ (၄) ဦးအား ဒေသကာလတန်ဖိုးငွေကျပ် (၂) ဒသမ (၂) ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၄) ဒသမ (၇၈) သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့ကို ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ စက်တင်ဘာ(၂၄) ရက်၊ နံနက် (၁၀) နာရီအချိန်တွင် ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများအား ရန်ကုန်မှ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်သို့ ပို့ဆောင်ခိုင်းသူ ဇော်မင်းဦး(ခ)ကိုဇော်နှင့် ပြည့်ဖြိုးမောင်တို့အား ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုဆိပ်ကမ်းတွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ရခိုင်ပြည်နယ်သို့ ရေကြောင်းဖြင့် သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ပြီး ၎င်းတို့အား ဥပဒေအရ အရေးယူထားကာ ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here