လယ်ဝေးမြို့နယ်၊ သစ်တိုးချောင်း ဇောက်ရိုးတံတားနှင့် မြို့ရှောင်လမ်း-ကွမ်းခြံလမ်းပိုင်းတို့ ပြုပြင်ပြီးဖြစ်၍ ဒေသခံများ ဆက်သွယ်သွားလာလျက်ရှိ

0
18

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ကျေးရွာချင်းဆက် သစ်တိုးချောင်းဇောက်ရိုးတံတားနှင့် မြို့ရှောင်လမ်း-ကွမ်းခြံလမ်းပိုင်းအား ပြန်လည်ပြုပြင်ပြီးဖြစ်၍ ဒေသခံများ ဆက်သွယ်သွားလာလျက်ရှိကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ရေ ဝင်ရောက်မှုကြောင့် ကျေးရွာများသို့ ဆက်သွယ်ထားသည့် လမ်းအချို့ ရေတိုက်စား၍ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ လမ်းများအနက် ပေါင်းလောင်း-အင်တိုင်းသာ-ဇီးကုန်း ကျေးရွာချင်းဆက်လမ်းပေါ်ရှိ သစ်တိုးချောင်း ဇောက်ရိုးတံတား (ပေ) ၅၀ ချဉ်းကပ်လမ်း ရေတိုက်စားသွားခြင်းအား ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက စက်တင်ဘာ(၂၄) ရက်မှ စတင်ပြုပြင်လျက်ရှိရာ ယနေ့ စက်တင်ဘာ(၂၈) ရက်၊ နံနက်ပိုင်းက ပြုပြင်ပြီးစီးခဲ့ကြောင်း သိရသည်။

အလားတူ ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သည့် မြိုရှောင်လမ်း-ကွမ်းခြံ လမ်းပိုင်းအား ယမန်နေ့ စက်တင်ဘာ(၂၇) ရက်က ပြန်လည်ပြုပြင်ပြီးဖြစ်၍ ဒေသခံများ ဆက်သွယ်သွားလာလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ပြုပြင်ပြင်ဆင်ရန် ကျန်ရှိနေသည့် လမ်းပိုင်းများကိုလည်း အမြန်ဆုံးပြီးစီးနိုင်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာထံက သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here