အလှူငွေကျပ် ၁၀ ဘီလီယံကျော်ရရှိခဲ့သည့် ဒုတိယအကြိမ် ရေဘေးအလှူငွေပေးအပ်ပွဲ

0
20

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့၌ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ဒေသများ၏ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ဒုတိယအကြိမ်အလှူငွေပေးအပ်ပွဲတွင် အလှူငွေကျပ် ၁၀ ဒသမ ၅ ဘီလီယံကျော်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အလှူငွေပေးအပ်ပွဲအား ယနေ့ စက်တင်ဘာ ၂၈ ရက်မွန်းလွဲပိုင်းက နေပြည်တော်ရှိ မြို့တော်ခန်းမ၌ကျင်းပရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍ အလှူငွေများကိုလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

နစက ဥက္ကဋ္ဌက မိမိတို့နိုင်ငံသားများအနေဖြင့် လူမှုရေးကိစ္စရပ်များတွင် စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် လှူဒါန်းလိုသည့်စိတ်ရင်းစေတနာများ၊ အခြေခံစိတ်ဓာတ်ကောင်းများကို ဝမ်းမြောက်ဖွယ်တွေ့မြင်ရသည်ဟု ကျေးဇူးတင်စကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

အလားတူ မိမိတို့အစီအစဉ်ဖြင့် ရေဘေးသင့်ဒေသများကို သွားရောက်လှူဒါန်းလျက်ရှိသည့် စေတနာရှင်ပြည်သူများသည်လည်းများစွာရှိသည်ဟုလည်း ၎င်းက ဆိုသည်။

“ကောင်းမွန်ပြီး ဂုဏ်ယူဖွယ်ရာ စိတ်ဓာတ်တွေပဲဖြစ်တာကြောင့် နိုင်ငံသားတိုင်းအနေနဲ့ အဲဒီလို စိတ်ရင်းစေတနာ၊ စိတ်ဓာတ်ကောင်းတွေနဲ့ ဆောင်ရွက်သွားမယ်ဆိုရင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုများစွာအထောက်အကူဖြစ်စေနိုင်မှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌက ဆိုသည်။

နိုင်ငံတော်အနေဖြင့် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့မှုများကို အမြန်ဆုံး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပျက်စီးခဲ့ သည့်နေအိမ်များအတွက်လည်း တတ်နိုင်သမျှဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု ပြောကြားသည်။

ထို့ပြင် ပျက်စီးခဲ့ရသည့်စိုက်ပျိုးမြေများ၌ သင့်လျော်သည့်သီးနှံများပြန်လည်စိုက်ပျိုးနိုင်ရန် လိုအပ်သည့်အရင်းအနှီးများကို နိုင်ငံတော်မှဆောင်ရွက်ပေးလျက်ရှိပြီး လုပ်ငန်းရှင်များမှလည်း တတ်နိုင်သည့်ဘက်မှ ဝင်ရောက်ရင်းနှီးမြှုပ်နှံပေးကြရန် နစက ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။

“အဲဒီလို ဆောင်ရွက်မယ်ဆိုရင် ထိခိုက်ခဲ့ရတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ ပြန်လည်လည်ပတ်နိုင်မှာဖြစ်သလို ကုန်ထုတ်လုပ်မှုတွေ ကိုလည်းဆောင်ရွက်နိုင်မှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောကြားသည်။

အလှူငွေလက်ခံပွဲတွင် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များနှင့် ဝန်ထမ်းများ၊ ပြည်တွင်း ပြည်ပ စေတနာရှင်၊ အလှူရှင်များက အလှူငွေများပေးအပ် လှူဒါန်းကြခြင်းဖြစ်ပြီး ယခု ဒုတိယအကြိမ်တွင် အလှူငွေကျပ် ၁၀ ဒသမ ၅ ဘီလီယံကျော်နှင့် ပထမအကြိမ်တွင် အလှူငွေကျပ် ၃၂ ဒသမ ၂ ဘီလီယံကျော်ရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here